အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Friday, June 17, 2016

Internet Meme ဆိုသည်မှာ...

No comments :
Meme (မီးမ်) ဆိုတဲ့ စကားလုံးတစ်လုံးဟာ မြန်မာ့အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ အတော်လေး ခေတ်စားလာနေတာကို သိကြမှာပါ။ ဒီနေ့မှာဆိုရင် ဖေ့ဘွတ်မှာ မြန်မာမီးမ်အဖွဲ့ (meme group) တွေ ရာနဲ့ချီ ရှိနေပြီး၊ အကြီးဆုံး အဖွဲ့တွေဟာဆိုရင် အဖွဲ့ဝင် သိန်းဂဏန်းအထိ ရှိနေကြပါတယ်။

မီးမ်ဆိုတာ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ပျံ့နှံ့သော အယူအဆ သို့မဟုတ် ယဉ်ကျေးမှု သင်္ကေတ တစ်ရပ်ဖြစ်ပါတယ်။ စကားလုံးတစ်လုံး၊ စကားစု တစ်စု၊ သင်္ကေတတစ်ခု၊ ဒါမှမဟုတ် ကိုယ်ဟန်အမူအရာတစ်ခုဟာ မီးမ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါက အီဗော်လူးရှင်းပညာရပ်နဲ့ သက်ဆိုင်ပြီး၊ လူမှုအသိုင်းအ၀ိုင်းတွေ အဆင့်ဆင့် ပြောင်းလဲပုံကို သုံးသပ်ရာမှာ သုံးတဲ့ စကားလုံးပါ။ ဂရိစကားလုံး (mimema = အတုယူထားသော အရာ) နှင့် အင်္ဂလိပ်စကားလုံး (gene = မျိုးဗီဇ) ဆိုတဲ့ စကားလုံးနှစ်လုံး ပေါင်းပြီး meme ဆိုတဲ့ စကားလုံး ဖြစ်လာကြောင်းနဲ့ ၁၉၇၆ ခုနှစ်မှ သိပ္ပံပညာရှင် ရစ်ချာ့ဒ်ဒေါ်ကင်းစ် က ဒီစကားလုံးကို တီထွင်ခဲ့တာဖြစ်ကြောင်း သိမှတ်ရပါတယ်။

ဒီဖေ့ဘွတ်စာမျက်နှာမှာတော့ အဲဒီ မီးမ်အကြောင်းကို ပြောမှာ မဟုတ်ပါဘူး။ အင်တာနက် မီးမ် လို့ခေါ်တဲ့ အင်တာနက်မှာ ပျံ့နှံ့တဲ့ မီးမ်တွေအကြောင်းကိုပဲ ပြောမှာပါ။ အင်တာနက်မီးမ် ဆိုတာတွေကတော့ အင်တာနက်ပေါ်မှာ အလျင်အမြန် ပျံ့နှံ့တဲ့ အရာတွေပါ။ ဟာသဓါတ်ပုံလေး တစ်ပုံ ဖြစ်ချင်ဖြစ်မယ်၊ ဗီဒီယိုဖိုင်တစ်ခု ဖြစ်ချင်ဖြစ်မယ်၊ စာပိုဒ်တစ်ပိုဒ်လည်း ဖြစ်ချင်ဖြစ်နိုင်သလို၊ စာလုံးပေါင်း သဒ္ဒါ တမင်တလွဲရေးထားတဲ့ စကားစုများလည်း ဖြစ်နိုင်ပါတယ်။ ပျံ့နှံ့ပုံကတော့ တုပပြီးတော့ လိုက်လုပ်ခြင်းဖြင့် ပျံ့နှံ့တာပါ။ ဓါတ်ပုံဆိုရင်လည်း ပထမ ပုံက အချိန်တိုအတွင်း လူပေါင်းများစွာ လက်ခံသွားပြီး၊ နောက်ထပ် လူပေါင်းများစွာက ပုံစံတူဖြစ်ဖြစ် ပုံစံခပ်ဆင်ဆင်ဖြစ်ဖြစ်၊ တုပပြီး လိုက်လုပ်ကြတာမျိုးပါ။

 အင်တာနက် မရှိခင် ကတည်းက ဒီလို မီးမ်တွေ ရှိတော့ ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင်ခင်ကတည်းက ရှိခဲ့တာ ဖြစ်ပြီး ဘယ်တုန်းကတည်းက စခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြတော့ပါဘူး။
အင်တာနက်ခေတ်ကို ရောက်တဲ့အခါမှာတော့ မီးမ်တွေဟာ အရှိန်အဟုန်နဲ့ ပျံ့နှံ့ပေါ်ပေါက်လာပါတယ်။ ဟိုးအစပိုင်းက အင်တာနက် မီးမ်တွေကို စိတ်ဝင်စားရင် “O’RLY?” “LOL Catz” စတဲ့ စကားလုံးတွေကို ဂူဂယ်မှာ ရှာကြည့်နိုင်ပါတယ်။

ယနေ့ခေတ် အင်တာနက် မီးမ်တွေက အများအားဖြင့် ဟာသဓါတ် ပါပါတယ်။ ဟာသဆိုတာ လူအများဆုံး လက်ခံနိုင်တဲ့ ရသတစ်ခု ဖြစ်တဲ့အပြင် တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းဖို့ အကောင်းဆုံး ခံစားချက် တစ်ခုလည်း ဖြစ်လို့ နာမည်အကြီးဆုံး၊ လူသိအများဆုံး မီးမ်တွေဟာ ဟာသတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ နောက်ပြီး မီးမ်ကို နှစ်ခြိုက်ပြီး ကိုယ်တိုင်လည်း ဖန်တီးကြတဲ့သူတွေဟာ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်အထိ အများစု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး ဟာသရသပေးတဲ့ မီးမ်တွေ အများစု ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း နှစ်များမှာတော့ သုံးဆယ်ကျော် အရွယ်တွေပါ မီးမ်ယဉ်ကျေးမှုကို နှစ်ခြိုက်ပါဝင်လာကြတာကို တွေ့ရတယ်လို့ သိရှိရပါတယ်။

အားလုံးနီးပါးသော မီးမ်တွေဟာ ဟာသဓါတ်ခံ ဖြစ်ကြပေမဲ့ တစ်ခါတစ်လေမှာ မီးမ်တစ်ခုဟာ နက်နဲ့ကျယ်ပြန့်တဲ့ အယူအဆများကို ချပြနိုင်တဲ့ ကြားခံပစ္စည်းတစ်ခုလည်း ဖြစ်နေတတ်ပါတယ်။ အချစ်ရေး ကိစ္စ၊ ကျောင်းကိစ္စ၊ လုပ်ငန်းခွင်က ဟာသလေးတွေကို အင်တာနက်ပေါ်မှာ ဝေမျှလို့ရသလို၊ စိတ်ထဲမှာ မကြေမချမ်း ရှိတာလေးတွေကိုလည်း ရင်ဖွင့်စရာအဖြစ် အသုံးပြုကြတာကို တွေ့ရပါတယ်။ ငယ်ရွယ်တက်ကြွတဲ့ လူငယ်လူလတ်တွေကြားမှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးလို လေးနက်တဲ့ အယူအဆတွေကို ဟာသနှောလို့ဖြစ်ဖြစ်၊ သရော်လို့ဖြစ်ဖြစ် မီးမ်တွေကို သုံးပြီး တင်ပြကြတာလည်း တွေ့ရပါတယ်။

ရယ်ရသည်ဖြစ်စေ၊ လေးနက်သည်ဖြစ်စေ၊ အင်တာနက် မီးမ်းတွေဟာ လူငယ်လူလတ်တွေအကြား အရှိန်အဟုန်နဲ့ ကျယ်ပြန့်လာနေတယ်ဆိုတာကတော့ သိသာတဲ့အချက်ပဲ ဖြစ်ပါတော့တယ်။

No comments :

Post a Comment