အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Image Macro များအကြောင်းနှင့် WT/WU

No comments :

IMAGE = ပုံ၊ ပုံရိပ်
MACRO = ကြီးသော..၊ ကျယ်ပြန့်သော…
IMAGE MACRO = ကျယ်ပြန့်သောသဘောရှိတဲ့ ပုံ

အင်တာနက် မီးမ်ဟေ့ဆိုရင် လူတိုင်းပြေးမြင်မိတာက စာတန်းထိုးထားတဲ့ ဓါတ်ပုံတွေပါ။ ဓါတ်ပုံပေါ်မှာ စာကြောင်း အပေါ်တစ်ကြောင်း အောက်တစ်ကြောင်း ရေးထားတဲ့ ပုံစံမျိုးတွေ များပါတယ်။ ဒီလို မီးမ်တွေကို IMAGE MACRO (အင်းမေ့ခ်ျ မက်ခရို) အမျိုးအစား မီးမ်လို့ ခေါ်ပါတယ်။

Image macro ဆိုတဲ့စကားလုံးဟာ ၂၀၀၄ ခုနှစ်လောက်က “something aweful” ဆိုတဲ့ အင်တာနက် ဖိုရမ်မှာ စတင်ပြီး ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဖိုရမ်အသုံးပြုသူတွေက ဖိုရမ်မှာ ရှိပြီးသား ဓါတ်ပုံတစ်ပုံပုံကို သုံးချင်တဲ့အခါတိုင်းမှာ [img – macro] လို့ စာလုံးအတိုလေး ရိုက်လိုက်တာနဲ့ ဓါတ်ပုံတွေထွက်လာတဲ့ စနစ် ရှိခဲ့တာပါ။

ဒီ macro (မက်ခရို) ဆိုတဲ့စကားလုံးကတော့ ကွန်ပျုတာပညာ စကားလုံး ဖြစ်ပါတယ်။ ဘာကိုရိုက်ထည့်လိုက်ရင် ကြိုတင်သတ်မှတ်ထားတဲ့ အစဉ်အတိုင်း ဘာတွေပေါ်လာရမယ်၊ အဲလိုပေါ်လာအောင် ရေးထားတဲ့ ကုဒ်ကို macro (မက်ခရို) လို့ခေါ်တာပါ။
၂၀၀၅ ခုနှစ်ကျတော့ image macro တွေက တခြားဖိုရမ်တွေဆီ ပျံ့သွားပါပြီ။ ၂၀၀၆ခု ဇွန်လထဲမှာ LOLcats ဆိုတဲ့ ဟာသကြောင်ကလေးတွေ နဲ့အတူ image macro တွေဟာ အကြီးအကျယ် ခေတ်စားလာခဲ့ပါတယ်။

အစပိုင်း image macro တွေမှာ ပုံပေါ်မှာရေးတဲ့ စာက impact font ကိုပဲ သုံးရပါတယ်၊ စာလုံးအကြီး (capital letter) နဲ့ပဲ ရေးရပါတယ်။ စာလုံးအရောင်က အဖြူကို အမည်းနဲ့ ကွပ်ထားတဲ့အရောင်ပဲ သုံးရပါတယ်။ အဲလိုစာတမ်းထိုးမှ image macro လို့သတ်မှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အပြောင်းအလဲလေး နည်းနည်း ရှိလာတာကို တွေ့ရပြီး image macro ဆိုတဲ့ ဘောင်က ကျယ်လာတာကို တွေ့ရပါတယ်။

စာရေးပုံစည်းကမ်း ဘောင်ကျယ်လာသော်လည်း image macro တွေမှာ ရေးမယ့်စာ၊ ရေးပုံရေးနည်းနဲ့ ပတ်သက်လို့ စည်းတွေဘောင်တွေကတော့ ရှိနေပါသေးတယ်။

၁။ ဓါတ်ပုံတိုင်း မီးမ်မဖြစ်ပါ။ အတိုင်းအတာ တစ်ခုအထိ လူသိများပြီး အထပ်ထပ်ပြန်သုံးကြတဲ့ ဓါတ်ပုံတွေကမှ မီးမ်ဖြစ်ပါတယ်။ Image macro တစ်ခုကို မီးမ်အဖြစ် သတ်မှတ်ခံရဖို့အတွက် ဓါတ်ပုံကိုယ်တိုင်ဖြစ်စေ၊ စာသားဖြစ်စေ မီးမ်ဖြစ်နေရပါမယ်။ (မီးမ်ဆိုတာဘာလဲကို ပိုစ့်တစ်ခု သပ်သပ်ရေးထားပြီးပါပြီ)

၂။ ကွန်ပျုတာ မက်ခရိုက ဒီလိုရေးရင် ဒီပုံစံအတိုင်း ဒါတွေထွက်လာမယ်ဆိုတဲ့ စနစ်ဖြစ်နေပါတယ်။ အဲဒီလိုပဲ ဓါတ်ပုံမက်ခရိုမှာလည်း စနစ် ရှိနေပါတယ်။ စည်းနဲ့ဘောင်နဲ့ ရှိနေပါတယ်။ စည်းဘောင်တကျ မလုပ်ခဲ့ရင် မီးမ်ဖြစ်နေတဲ့ ဓါတ်ပုံတစ်ပုံကို သုံးထားစေဦးတော့ အဓိပ္ပာယ်လွဲနေတတ်ပါတယ်။ ဒါကြောင့် ဘယ်ပုံမှာ ဘယ်လိုစာရေးရမယ်၊ သို့မဟုတ် ဘယ်ပုံမှာ ဘယ်အကြောင်းအရာကို ရေးရမယ်ဆိုတဲ့ စည်းတွေကို သိထားပြီး လိုက်နာမှ လူအများ နားလည်လက်ခံနိုင်တဲ့ မီးမ်ကောင်း ဖြစ်ပါမယ်။

၃။ ဒီလို ပုံစံခွက်ထဲကအတိုင်းသုံးမှ အဓိပ္ပာယ်မှန်မှန်ကန်န် ထွက်လာမှာ ဖြစ်ပါတယ်။ ပုံစံခွက်ကို template (တန်းပလိတ်) လို့ခေါ်ကြပြီးတော့၊ ဘယ်လိုသုံးရတယ် ဆိုတာကိုတော့ usage (ယူ့ဆေ့ဂ်ျ) လို့ခေါ်ပါတယ်။ Image macro အမျိုးအစား မီးမ်ပုံတစ်ပုံကို သူနဲ့ကိုက်ညီတဲ့ ပုံစံခွက်အတိုင်းမဟုတ်ဘဲ အသုံးမှားရင် wrong usage သို့မဟုတ် အတိုကောက် WU လို့ပြောပါတယ်။ ပုံစံခွက် အ၀ိုင်းသုံးရမှာကို လေးထောင့်သုံးထားသလို ပြောတဲ့အကြောင်းအရာနဲ့ ပုံစံခွက်နဲ့ လွဲနေရင်တော့ wrong template သို့မဟုတ် အတိုကောက် WT လို့ပြောကြပါတယ်။

Image macro တွေမှာတောင် အမျိုးအစားတွေ ကွဲပါသေးတယ်။ ဥပမာ Advice Animal အမျိုးအစား မက်ခရို၊ Reaction image အမျိုးအစား မက်ခရို (ဖိုတိုကွန်မန့်လို့လဲ ခေါ်ကြ)၊ Demotivational အမျိုးအစား မက်ခရို စသည်ဖြင့် အများကြီး ရှိပါသေးတယ်။
လူသိအများဆုံးကတော့ Advice animal အမျိုးအစား မက်ခရိုတွေ ဖြစ်ပြီး၊ ဒီအမျိုးအစားထဲက နာမည်ကြီးတဲ့ တန်းပလိတ်တွေက Ancient Alien, Bad Luck Brian, Success Kid, Boromir စသည်တို့ ဖြစ်ကြပါတယ်။

No comments :

Post a Comment