အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Rage Comics မိတ်ဆက် - အပိုင်း (၂)

No comments :

RAGE Face များပျံ့နှံပုံ


အပိုင်း(၁) မှာ Rage face တွေစဖြစ်လာပုံ သမိုင်းအစကို မိတ်ဆက်ထားပါတယ်။ ဒီမှာ ဖတ်ပါ။

ကျယ်ပြန့်လှတဲ့ အင်တာနက်မီးမ်လောကထဲမှာ ကျင်လည်တော့မယ်ဆိုရင် အစစအရာရာ ကြိုတင်ပြင်ဆင်ထားတာ မမှားပါဘူး။ ဒီလောကကို ဘာမှမသိဘဲ အစိမ်းသက်သက် ဝင်သွားရင် မုန်တိုင်းထဲလမ်းပျောက်သလို ဟိုဖက်လွင့်လိုက် ဒီဖက်လွင့်လိုက် တွေ့သမျှနားမလည် လုပ်သမျှမှား ဖြစ်ပြီး ပျော်သင့်သလောက် မပျော်ရဘူးပေါ့။ ဗဟုသုတ နည်းနည်းပါးပါး အခြေခံရှိထားရင်တော့ သူများတွေကြားထဲ မျက်စေ့သူငယ် နားသူငယ် မဖြစ်တော့ဘူးပေါ့နော်။

အင်တာနက်မီးမ်လောကမှာ နေရာတစ်နေရာ အခိုင်အမာယူထားတာကတော့ Rage Comicဆိုတဲ့ အပျော်တမ်းကောမစ်တွေပါပဲ။ Rage Comic တွေဟာ ဝါးလုံးကွဲရယ်ရမယ့် အဖြစ်အပျက်တွေကနေ တရားပေါက်လောက်တဲ့ အတွေးအခေါ်တွေကိုပါ ချပြနိုင်တဲ့ လက်နက်တွေပါပဲ။ ဒီတော့ ဒီလောကမှာ ကျင်လည်မယ်ဆိုရင် rage comic ဂိုဏ်းတော်ကြီးနဲ့ ရင်းနှီးမှ ဖြစ်ပါတော့မယ်။ အနည်းဆုံး megusta နဲ့ Like a Boss, YaoMing နဲ့ troll face လောက်တော့ လက်ညှိုးထောက်ပြီး ခွဲပြတတ်သင့်တာပေါ့။
ကဲ.. Rage face အသုံးပြုပုံ (usage) တွေပေါ်လာတဲ့အကြောင်းကို ကြည့်ရအောင်။

4Chan က စခဲ့တဲ့ rage face တွေဟာ တဖြည်းဖြည်းနဲ့ တခြားနေရာတွေကိုလည်း စိမ့်ဝင်ပျံ့နှံ့လာပြီး လူသိလည်း ပိုများလာရာကနေ face အသစ်တွေ ထပ်ထပ် ပေါ်လာပါတယ်။ တကယ်ဟာသမြောက်တဲ့ ကောမစ်တွေ ထွက်လာတဲ့အခါ အဲဒီမှာသုံးထားတဲ့ မျက်နှာတွေကလည်း အလျင်အမြန် "ပေါက်" သွားကြပါတယ်။ ဒီလိုနဲ့ Rage face ဆိုရင် 4Chan ကချည်းပဲ မဟုတ်တော့ဘဲ F7U12 လို။ funnyjunk လို၊ Rage face တို့ရဲ့မွေးရပ်မြေ အသစ်တွေပေါ်လာပါတယ်။ ဒါပေမဲ့ ဘယ်မှာပဲပေါ်ပေါ် ဘယ်မှာပဲမွေးမွေး Rage Face တွေရဲ့ လက္ခဏာရပ်တွေကတော့ အရင်အတိုင်းပဲ ဆက်ရှိနေခဲ့ပါတယ်။

အပိုင်း(၁) မှာပြောခဲ့သလို၊ မျက်နှာတစ်ခုကို အထပ်ထပ်ပြန်သုံးတဲ့အခါ ပြန်သုံးလေလေ ဒီမျက်နှာရဲ့အဓိပ္ပာယ်က ပိုခိုင်မာလေ ဖြစ်လာပါတယ်။ ဒါကြောင့် အချိန်ကြာလာတဲ့အခါမှာ ဘယ်မျက်နှာကတော့ဖြင့် ဘယ်လိုခံစားချက်ကိုပြတယ်ဆိုတာ ခိုင်ခိုင်မာမာ သတ်သတ်မှတ်မှတ် ရှိလာပါတယ်။ ချွင်းချက် တစ်ခုစနှစ်ခုစတော့ ရှိပါတယ်။ ဥပမာ megusta face ဟာ အစက မကြိုက်သင့်တဲ့ဟာကို ကြိုက်တာမျိုးကိုပြတာပါ။ နောက်ပိုင်းမှာ ကြိုက်တယ်ဆိုရင် ဘာဖြစ်ဖြစ် megusta ကိုသုံးလာကြပြီး အချိန်ကြာတော့ လူတွေလက်ခံသွာပါတယ်။
Megusta

ဒါပေမဲ့ megusta လိုအဖြစ်မျိုးက ချွင်းချက်မျှသာဖြစ်ပါတယ်။ Rage face တွေရဲ့ usage က မပြောင်မလဲ အခိုင်အမာ ရှိဆဲဖြစ်ပြီး
 "Rage face ကို အသုံးမှားထားရင် အဲလိုမှားတဲ့ကောမစ်တွေက သိပ်မအောင်မြင်တတ်ဘူး။ ရှိပြီးသား လမ်းကြောင်းမှန်အတိုင်း အသုံးမှန်မှ အဲဒီကောမစ်ကို လူတွေက လက်ခံကြတယ်"
လို့ F7U12 forum moderator Ryan ကပြောပြခဲ့ပါတယ်။

(F7U12 ကို မသိသေးသူများ - Reddit ရဲ့ F7U12 ဆိုတာ RageComicလောကမှာ ဥသျှောင်လို့ခေါ်ရမယ့် forum ဖြစ်ပါတယ်။ Rage Comic ကိုသိရင် F7U12 ကိုသိကို သိရပါမယ်။)

နောက်ပိုင်းမှာ အင်တာနက်ရဲ့ Rage comic အသိုင်းအဝိုင်းတင်မကဘဲ တခြားအပြင်ကနေလည်း rage face တချို့ထွက်ခဲ့ပါတယ်။ "Cereal Guy" ဆိုရင် ကာတွန်းဆရာတစ်ယောက် သူ့ဘာသာ ဆွဲတဲ့ဟာပါ။ "အဲဒီကနေ cereal guy ကို တော်ကောက်ပြီး rage face တွေထဲ ထည့်မွေးစားလိုက်ကြတာ" လို့ Ryan ကရှင်းပြခဲ့ပါတယ်။
Cereal Guy

နောက်ပြီး Trollface ဆိုရင် DivianART က လာတာပါ။ F7U12 မှာ စသုံးတုန်းကဆိုရင် Troll face ကိုဖန်တီးသူ Whynne ဆိုတဲ့ ပန်းချီဆရာက မူပိုင်ခွင့်နဲ့ တရားစွဲတယ်ဘာညာတောင် ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ rage comic လောကကြီးကတော့ troll face ကို ဆက်သုံးနေတာပါပဲ။ စီးပွားဖြစ် လုပ်တာမျိုး မဟုတ်ရင်လည်း မူပိုင်ခွင့်နဲ့ အဲလောက်ထိ လိုက်မတားတာကို တွေ့ရပါတယ်။ 
Troll Face
ဘယ်ကပေါ်သည်ဖြစ်စေ ဘယ်သူစဆွဲသည်ဖြစ်စေ၊ အဓိကက အထပ်ထပ်ပြန်သုံးခံရဖို့ပါ။ ပြန်သုံးတာများလာရင် usage ခိုင်လာပါတယ်။ usage ခိုင်လေ နာမည်ကြီးလေလေ အသက်ရှည်လေလေပါပဲ။ ပြန်သုံးတာမခံရရင် ဖြစ်ဖြစ် ပြန်သုံးတဲ့အခါ တစ်ယောက်တစ်ပေါက် usage မညီရင်ဖြစ်ဖြစ် သူ့ရဲ့ဖြစ်တည်မှုက မမြဲတော့ဘဲ rage face မိသားစုထဲကနေ ပြုတ်ရပါတယ်။ (Evolution theory ထဲက survival of the fittest သဘောတရားပါ။ မီးမ်တွေက ဒီလိုပါပဲ။)

ဒီလိုနဲ့ မျက်နှာတစ်ခုချင်းစီမှာ အသုံးပြုပုံနဲ့ အဓိပ္ပာယ် အခိုင်အမာ အတည်တကျရှိလာတဲ့အခါမှာ Rage face တွေဟာ အင်တာနက်ကမ္ဘာမှာ emojiတွေလိုပဲ အမူအရာပြ ပစ္စည်းတွေ ဖြစ်လာပါပြီ။ ဟိုးအစတုန်းက rage comic တွေဟာ ဟာသအတွက်သက်သက်ပဲ ဖြစ်ခဲ့ကြပါတယ်။ ယနေ့ခေတ်မှာလည်း အများစုကြီးက ဟာသအတွက်ပါပဲ။ ဒါပေမဲ့ တချို့ rage comic တွေဟာ ဘာသာရေး၊ လူမှုရေး၊ လူမျိုးရေး၊ စတာတွေအပြင် သင်္ခါရသဘော၊ အနတ္တသဘောလို တရားသဘောတွေကိုပါ ရင်ဖွင့်စရာ ဖော်ပြစရာ တိုင်ပင်စရာအဖြစ် အသုံးပြုလာကြပါတယ်။

Rage comic အရှည်ကြီးတွေနဲ့ feelတာတွေ ဘာတွေ မြင်ဖူးကြမှာပါ။ အဲလို အရှည်ကြီးတွေကို Reddit မှာ rage Novel လို့ခေါ်ပြီးတော့ F7U12 မှာ လက်မခံပါဘူး။ Rage novel အတွက် forum သပ်သပ်ထားပေးတာကို တွေ့ရပါတယ်။ 

ရှေ့လာမယ့် အပိုင်း (၃) မှာတော့ Classic rage comic တွေနဲ့ စတင်မိတ်ဆက်မှာဖြစ်ပြီး၊ Rage comic ဖွဲ့စည်းပုံကို ဆက်လက်တင်ပြပေးမှာမို့ စောင့်မျှော်ဖတ်ရှုကြပါလို့။

No comments :

Post a Comment