အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Tuesday, July 26, 2016

Socially x Penguin Series

No comments :

Meme အမျိုးအစား - Advice Animal image macro
စတင်ပေါက်ဖွားရာနေရာ - 4Chan
အတိုကောက်မှတ်ထားရန် -
အပြာရောင်နောက်ခံ - မိမိကြောင့်ဖြစ်ရသော လူမှုရေးရာ အဆင်မပြေမှု
အနီရောင်နောက်ခံ - မိမိကြောင့် ဖြစ်ရသော လူမှုရေးရာ အဆင်ပြေမှု

၁။ Socially Awkward Penguin


၂၀၀၉ ခုနှစ် 4Chan မှာ စတင်ခဲ့တဲ့ meme ဖြစ်ပါတယ်။ တန်းပလိတ်ကတော့ အပြာရောင်နောက်ခံနဲ့ ပင်ကွင်းတစ်ကောင်ပုံ ဖြစ်ပါတယ်။ ကိုယ့်စိတ်က မရည်ရွယ်ပေမဲ့ သွက်သွက်လက်လက် ချက်ချက်ချာချာ အပြောအဆို မတတ်လို့ဖြစ်ဖြစ်၊ အရမ်းရှက်တတ်လို့ ဖြစ်ဖြစ်၊ လူတွေနဲ့ ဆက်ဆံရမှာ စိုးရိမ်တတ်လို့ ဖြစ်ဖြစ်၊ လူကြားသူကြားထဲ သွားရမှာ မကြိုက်တတ်လို့ ဖြစ်ဖြစ်၊ လူတိုင်းနဲ့ မတူ တမူထူးခြားနေလို့ ဖြစ်ဖြစ်၊ အပြောအဆို မှားသွားလို့ ဖြစ်ဖြစ်၊ လူတွေနဲ့ ဆက်ဆံရာမှာ မျက်နှာပူရတဲ့ အဖြစ်အပျက်တွေ၊ အရှက်ကွဲရတဲ့ အဖြစ်တွေ၊ ကမောက်ကမ ဖြစ်ရတဲ့အကြောင်းတွေ၊ အိုးတိုးအမ်းတမ်းဖြစ်ရတဲ့ အကြောင်းတွေ စသည်ဖြင့် လူမှုရေးရာ ခွကျကျ အဖြစ်တွေကို ဖော်ပြတဲ့ meme ဖြစ်ပါတယ်။

ဒီ meme က တခြား သာမန်ဟာသmeme တွေထက် ပိုပြီး လေးနက်တဲ့ meme တစ်ခုဖြစ်ပါတယ်။ Social Anxiety ဆိုတဲ့ စိတ်ဝေဒနာ အနုစားတစ်မျိုး ရှိတဲ့သူတွေဟာ နည်းနည်းပါးပါး ရှက်တတ်ပြီး မပွင့်တပွင့် ပြောဆိုတတ်တဲ့ အခြေအနေမျိုးကနေ လုံးဝ လူတောထဲ မသွားရဲတဲ့အထိ ဆိုးတဲ့ အခြေအနေအထိ အမျိုးမျိုး ခံစားကြရပါတယ်။ ဒီစိတ်ဝေဒနာ ခံစားနေရသော်လည်း ပုံမှန်လူလိုပဲ သွားလာနေထိုင် လုပ်ကိုင်ပြီး အောင်မြင်တဲ့ဘ၀ကို ရရှိနိုင်သေးတာကြောင့် ဝေဒနာမရှိသူတွေက နားလည်ပေးနိုင်ခြင်း မရှိပါ။ စိတ်ပညာလောကမှာတောင် ဒါကို ပုံမှန်မဟုတ်သော အခြေအနေ (disorder) တစ်ခုအဖြစ် သတ်မှတ်လာတာ မကြာသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှန်နဲ့ သိပ်မကွာသလို ခံစားရသူတွေက ပတ်ဝန်းကျင်ကို မထိခိုက်လို့ပါပဲ။ ဒီဝေဒနာ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ငယ်စဉ်ဘ၀မှာ စိတ်ဓါတ်ကို ရိုက်ချိုးလိုက်သလို မှားယွင်းတဲ့ ဆုံးမပုံဆုံးမနည်းတွေကြောင့် ဖြစ်တာများပါတယ်။

ဒီ meme က social anxiety သမားတွေရဲ့ ရင်ဖွင့်ရာ ထွက်ပေါက်တစ်ခု ဖြစ်ပါတယ်။ ဒီလိုပဲ စိတ်ဝေဒနာ မရှိပေမဲ့ လူမှုရေးမှာ ဂဂျိုးဂဂျောင် ဖြစ်သွားတဲ့ အတွေ့အကြုံတွေကိုလည်း ဒီ meme နဲ့ ပြန်လည်ဝေမျှလို့ ရပါသေးတယ်။ ဒါ့အပြင် သူများတွေလုပ်လိုက်တဲ့ socially awkward penguin meme ကို တွေ့မြင်ရတဲ့အခါ ငါတစ်ယောက်တည်း ဒီလိုဖြစ်တတ်တာ မဟုတ်ပါလား၊ ငါအသုံးမကျတာ မဟုတ်ဘူး - သူများတွေလည်း ဒါမျိုးဖြစ်တတ်တာပဲ ဆိုတဲ့ အတွေးနဲ့ စိတ်သက်သာရာရနိုင်ကြပါတယ်။

ကိုယ့်ခံစားချက်ကို နားလည်ပေးနိုင်သူ၊ နားလည်နိုင်သူတွေ ရှိပါသေးလားဆိုတာကို ခံစားသိနိုင်ပြီး social anxiety နဲ့ တွဲလျက်ပါလာတဲ့ စိတ်ကျဝေဒနာ (depression) အတွက်ပါ ဖြေသိမ့်ရာ ဖြစ်ရတတ်ပါတယ်။
နောက်ပြီး meme ဆိုတာ ဟာသဓါတ် အမြဲပါတာမို့လို့ ဒီလို လူမှုရေး ကမောက်ကမဖြစ်ရပ်တွေကို meme နဲ့ တင်ပြတဲ့အခါ တင်ပြပုံကောင်းရင်ကောင်းသလို စိတ်ထဲမှာ ပြုံးမိနိုင်ပါတယ်။ ဒါကြောင့်လည်း စိတ်သက်သာရာ ဖြစ်စေပါတယ်။ ဒီ meme အောင်မြင်လာတာကလည်း အဲဒီအကြောင်းရင်း ကြောင့်ပါပဲ။
Socially Awkward Penguin meme ဟာ ကိုယ့်အကြောင်းကိုယ် ပြောရတဲ့ meme ဖြစ်ပါတယ်။ ကိုယ်ကြုံရတဲ့ အဖြစ်အပျက်ကို ပြောရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီmeme လုပ်ခြင်းအားဖြင့် စိတ်ဓါတ်ကျနေသူကို လှောင်ပြောင်ရာ မဖြစ်ပါ။

အခုနောက်ပိုင်းမှာတော့ ဒီ meme ရဲ့ အစကို မမီလိုက်သူတွေ များလာတော့ meme ရဲ့ အနှစ်သာရနဲ့ အဆက်ပြတ်လာကြတာကြောင့် ရည်းစားကိစ္စ crush ကိစ္စတွေနဲ့ပဲ ပတ်လည်ရိုက်နေတာတွေ တွေ့ရသလို၊ တကယ့်အဖြစ်အပျက်မဟုတ်ဘဲ အတင်းလုပ်ယူထားတဲ့ ဇာတ်လမ်းအတုတွေနဲ့ မျက်ရည်ချူကြတာကြောင့်လည်း ဒီmeme က ပေါ့လာတာကို စိတ်မကောင်းဖွယ် တွေ့နေရပါတယ်။
 

၂။ Socially Awesome Penguin


တန်းပလိတ်က အနီရောင်နောက်ခံနဲ့ ပင်ကွင်းပုံ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အပြာရောင်နဲ့ ဆန့်ကျင်ဖက်ဖြစ်အောင် ပင်ကွင်းကိုပါ ဘယ်ညာပြောင်းလှည့်ထားတာကို တွေ့ရပါတယ်။ ဒီ meme ကတော့ socially awkward penguin ရဲ့ အောင်မြင်မှုနောက်မှာ ဆက်တိုက်လိုက်လာတဲ့ Penguin အမျိုးကွဲများထဲက အထင်ရှားဆုံး အမျိုးကွဲ ဖြစ်ပါတယ်။

ဒီ meme မှာတော့ လူမှုရေးမှာ ကျွမ်းကျင်တဲ့ပုံစံ၊ စွံတဲ့ပုံစံ၊ လူချစ်လူခင် ပေါတဲ့ပုံစံ၊ ပေါင်းသင်းဆက်ဆံရေး ၀င်ဆန့်တဲ့ပုံစံတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ တော်ရုံ အဆင်ပြေတာ မဟုတ်ပါဘူး။ သာမန်လူတွေဆိုရင် အရှက်ကွဲရမယ့် အခြေအနေမျိုးမှာတောင် ကြံဖန်ပြီး အဆင်ပြေသွားတဲ့ ပုံစံမျိုးကို ဖော်ပြတဲ့ meme ဖြစ်ပါတယ်။

၃။ Socially Average Penguin


တန်းပလိတ်က အစိမ်းရောင်နောက်ခံနဲ့ ပင်ကွင်းပုံ ဖြစ်ပါတယ်။ လူမှုရေးမှာ သာမန်ပဲ ဘာမှမထူးခြားတဲ့ ပင်ကွင်းဖြစ်ပါတယ်။ သိပ်ပြီး လူသိမများသလို သိပ်မအောင်မြင်တဲ့ memeပါ။

၎။ အရောင်စပ် penguin များ




အပေါ်မှာပြောခဲ့တဲ့ Penguin တွေကို ဖြတ်ပြီး စပ်သုံးကြတာပါ။ အပြာရောင်ဆိုရင် socially awkward penguin ရဲ့ အဖြစ်ကို ရေးပြီး အနီရောင်ဆိုရင် socially awesome penguin ရဲ့ အဖြစ်ကို ရေးရုံပါပဲ။ တကယ်တော့ အပြာရောင် အပေါ် အနီရောင်အောက် စပ်ထားတဲ့ တန်းပလိတ်က အပေါ်အောက် အနီရောင် တန်းပလိတ်နဲ့ အတူတူလောက်ပါပဲ။


ဒီလိုပဲ အနီအပေါ် အပြာအောက် စပ်ထားတဲ့ တန်းပလိတ်က အပေါ်အောက် အပြာရောင် တန်းပလိတ်နဲ့ အတူတူလောက်ပါပဲ။ တကယ်ဆို အရောင်စပ်ထားတာ သုံးဖို့ မလိုပါ။ ဒါပေမဲ့ အရောင်စပ်ထားတာတွေက အခုအသုံးများနေတော့ တစ်ရောင်တည်း တန်းပလိတ်တွေကို သုံးကြတာ သိပ်မတွေ့ရတော့ပါဘူး။
နောက်ပြီး ခွကျတဲ့အဖြစ်ဆိုရင် အပြာ၊ အဆင်ပြေသွားတော့ အနီ၊ ပြန်ခွကျတော့ အပြာ၊ တစ်ခါပြန်အဆင်ပြေသွားတော့ အနီ အဲလို ဇာတ်လမ်းအရှည်ကြီးကို အရောင်တွေ လိုအပ်သလို စပ်ပြီး ထွင်တာလည်း တွေ့ရပါတယ်။ ထွင်နိုင်ပါတယ်။

၅။ Socially Awkward Couple


Socially Awkward Penguin နှစ်ယောက် တွဲမိကြတဲ့အခါ စုံတွဲအနေနဲ့ လူကြားသူကြား သွားစရာရှိတဲ့အခါ၊ လူတွေနဲ့ ဆက်ဆံစရာရှိတဲ့အခါ ဂဂျိုးဂဂျောင် ဖြစ်တာပါ။ သိပ်မထင်ရှားတဲ့ meme ဖြစ်ပါတယ်။

၆။ အခြား Penguin များ

ထွင်တဲ့လူကထွင်ပြီး သုံးတဲ့လူက သုံးပေမဲ့ ဘယ်မှသိပ်မရောက်လို့ meme အဖြစ် သတ်မှတ်ခြင်း မခံရသော ပင်ကွင်းများမှာ -
Socially Fed up Penguin - ရောင်စုံနောက်ခံ သေနတ်ကိုင်ထားတဲ့ ပင်ကွင်း
Socially Terrifying Penguin - အနီနဲ့အနက်နောက်ခံ
Socially Fabulous Penguin - ခရမ်းရောင်နောက်ခံ
နောက်ထပ်လည်း ရှိသေးတယ် ထင်ပါတယ်။

ဥပမာအနေနဲ့ အင်တာနက်မှာ တွေ့တဲ့ meme တွေကိုပဲ ကူးတင်ပေးလိုက်ပါတယ်။

No comments :

Post a Comment