Internet meme အကြောင်းသိကောင်းစရာ

အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Featured Posts

Sunday, August 28, 2016

Snowclone meme မိတ်ဆက်

2 comments :


သတ်မှတ်ထားတဲ့ ဓါတ်ပုံပေါ်မှာ သတ်မှတ်ထားတဲ့ လေယူလေသိမ်းအတိုင်း၊ သတ်မှတ်ထားတဲ့ သဘောတရားတွေကို ဘောင်ဝင်အောင် ရေးကြတဲ့ image macro template တွေကို meme သမားတိုင်း ကျွမ်းဝင်ကြပါတယ်။

ဒီနေ့ မိတ်ဆက်မှာကတော့ သတ်မှတ်ထားတဲ့ စာကြောင်းထဲမှာ၊ သတ်မှတ်ထားတဲ့ လေယူလေသိမ်းအတိုင်း၊ သတ်မှတ်ထားတဲ့ စာလုံးတွေ မပါမဖြစ်ပါရမယ့် စာကြောင်း တန်းပလိတ်များ ဖြစ်တဲ့ "Snowclone meme " တွေအကြောင်း ဗဟုသုတ အနေနဲ့ မိတ်ဆက်မှာပါ။
ပထမဆုံး Snowclone ရဲ့အဓိပ္ပာယ်ကို ပြောပါမယ်။ Snowclone ဆိုတာ phrasal template (စကားစု တန်းပလိတ်) ဖြစ်ပြီး၊ နေရာအမျိုးမျိုး အခြေအနေ အမျိုးမျိုးမှာ ထပ်ခါထပ်ခါ customize လုပ်ပြီးပြန်သုံးလို့ရတဲ့ စကားများကို ခေါ်တာဖြစ်ပါတယ်။ Snowclone တွေက ဘာနဲ့သွားတူလဲဆိုတော့ စကားလုံးတွေနဲ့ တည်ဆောက်ထားတဲ့ meme template တွေနဲ့ သွားတူပါတယ်။

Image macro meme တွေနဲ့ ရင်းနှီးသူတိုင်း သိထားတဲ့ အချက်တစ်ခုက "Image macro တိုင်းသည် meme မဟုတ်ပါ။ သို့သော် image macro အမျိုးအစား meme ဆိုတာ ရှိသည်" လို့ သိထားရပါမယ်။ ဒီလိုပဲ "Snowclone တိုင်းသည် meme မဟုတ်ပါ။ သို့သော် Snowclone အမျိုးအစား meme ဆိုတာ ရှိပါတယ်"။

ဒီစာကြောင်း တန်းပလိတ်တွေကို "Phrasal template" (စကားစု တန်းပလိတ်) လို့လည်း ခေါ်ပါတယ်။ Meme အမျိုးအစား အသစ်များလားလို့ လန့်မသွားကြပါနဲ့။ တော်တော်များများက အားလုံးရင်းနှီးပြီးသား တန်းပလိတ်တွေပါ။

စာကြောင်းတန်းပလိတ်တွေကို image macro ဖြစ်တဲ့ဓါတ်ပုံတန်းပလိတ် တွေနဲ့ တွဲလျက်တွေ့ရတတ်သလို၊ စာကြောင်းကmeme ဖြစ်နေလို့ ဓါတ်ပုံကို ကိုယ့်ဘာသာ လုပ်ယူရတာလည်း ရှိပါတယ်။ ဓါတ်ပုံပေါ်မှာ ရေးစရာ မလိုဘဲ စာကြောင်းချည်း သက်သက် meme ဖြစ်တာလည်း ရှိပါတယ်။ စာကြောင်းတန်းပလိတ် အမျိုးမျိုးပေါ့နော်။

Image macro နဲ့ တွဲလျက်တွေ့ရတဲ့ စာကြောင်းတန်းပလိတ်တွေကတော့ ဒီ page ရဲ့ ပရိတ်သတ်များ အကျွမ်းဝင်ဆုံး ဖြစ်ကြပါလိမ့်မယ်။

Image macro မှာသုံးတဲ့ ဓါတ်ပုံတွေက ရုပ်ရှင်တို့ဘာတို့ကနေ screen shot ရိုက်ထားတတ်တာတွေ ဖြစ်တတ်သလို၊ ဒီ Snowclone meme မှာသုံးတဲ့ စာကြောင်းတန်းပလိတ်တွေကလည်း ရုပ်ရှင်တို့ ဇာတ်လမ်းတွဲတို့ကနေ လာတာ များပါတယ်။

ဥပမာတွေ မပြခင် နောက်ဆုံးအသိပေးချင်တာက ဗန်းစကားနဲ့ snowclone နဲ့ မတူပါဘူး။ ကွီးတို့ မွီးတို့ ခိုခိုတို့လို စကားတွေက snowclone မဟုတ်ပါဘူး။

ဥပမာများ

Image macro meme နဲ့ တွဲပြီးတွေ့ရတတ်တဲ့ Snowclone meme များမှာ -
"The most amazing man" - ငါက ဘာမလုပ်ဘူးဆိုလည်း မလုပ်ဘူး၊ လုပ်ပြီဆိုရင်လည်း ဘယ်လို"
"X,X everywhere" - ဘာတွေ ဘာတွေ နေရာတိုင်းမှာ
"One does not simply ......"
" X is too damn high"
စသည်တို့ ဖြစ်ပါတယ်။ မြန်မာ တန်းပလိတ်တွေမှာဆိုရင်
ခင်လှိုင်တန်းပလိတ် " ကျနော်က ဘာလုပ်လို့ရတယ်၊ ဒါပေမဲ့ မလုပ်ဘူး၊ ဘာဖြစ်လို့"
" Aလည်း ဖြစ်ချင်တယ် Bလည်းဖြစ်ချင်တယ် နှစ်ခုလုံးအဆင်ပြေတာတော့ မရှိဘူး ထင်တယ်"
"A ဖြစ်ရတာ ဂုဏ်ယူတယ် B ဖြစ်လို့ပျော်တယ်"
"စောင် A တွေ B စားကြကွာာား"
စသည်တို့ ရှိပါတယ်။


ပုံကို ကိုယ့်ဘာသာ ဖန်တီး/ရှာဖွေပြီး ပုံနဲ့တွဲလျက်ဖြစ်ဖြစ် ပုံမပါဘဲ သူ့ချည်းပဲ ဖြစ်ဖြစ် ရေးရတဲ့ snowclone meme များမှာ -
"Keep X and X on"
" A wild X appeared"
" X gonna X"
"To X or not to X"
"Are you a wizard"
စသည်တို့ ဖြစ်ပါတယ်။
တခြား snowclone meme တွေလည်း အများကြီးရှိပါတယ်။ ရှေ့လျှောက် meme တစ်ခုခုကို ရှင်းပြတဲ့အခါ meme အမျိုးအစား =snowclone ဆိုရင် ဘာကိုပြောချင်တာမှန်း သိနိုင်လောက်ပြီပေါ့။

Pokémon = Internet meme ယဉ်ကျေးမှုကြီးရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု

No comments :
(ဘာသာပြန်ဆောင်းပါး)
*** Pokemon Go ဂိမ်းထွက်လာမှ မြန်မာပြည်မှာ လူတိုင်းသိလာတဲ့ Pokemon ဆိုတဲ့ ဂိမ်းက တကယ်တော့ ၉၀နှစ်များကတည်းက ကမ္ဘာမှာ အရမ်းထင်ရှားလူသိများပြီး၊ Pokemon ယဉ်ကျေးမှုဟာ internet meme လောကရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီ Pokemon ဂိမ်းအကြောင်းကို Internet meme လောကရဲ့ ရှုဒေါင့်ကနေ ရေးထားတဲ့ knowyourmeme ရဲ့ ဆောင်းပါးထဲက အစိတ်အပိုင်းတစ်ခုကို ဆီလျော်အောင် ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။****

Pokémon ဆိုသည်မှာ

ပိုကီမွန်ဆိုသည်မှာ ၁၉၉၆ ခုနှစ်တွင် Game Freak မှ ထုတ်လုပ်ခဲ့ပြီး Nintendo မှထုတ်ဝေဖြန့်ချီသော ဗီဒီယိုဂိမ်းစီးရီးတစ်ခုမှနေ၍ စတင်ပေါက်ဖွားလာသည့် မီဒီယာလုပ်ငန်းကြီးတစ်ခု ဖြစ်ပါသည်။ ဂျပန်ဘာသာဖြင့် “Poketto Monsutā” (ポケットモンスター)... အင်္ဂလိပ်ဘာသာဖြင့် Pocket Monsters ဆိုသည့် စကားလုံးကို ပေါင်းစပ်ဖွဲ့စည့်ပြီး (Pocket မှ P, O, K, E, Monsters မှ M, O, N) Pokemon ဟူသည့် နာမည် ရရှိလာခြင်း ဖြစ်ပါသည်။ Pokemon မှာ ဂိမ်းမီဒီယာတင် မကဘဲ အခြားမီဒီယာ အရပ်ရပ်လည်း ရှိပြီး၊ Pokemon ဟုခေါ်သော အကောင်ကလေး အမျိုးမျိုးကို ဖမ်းကာ ပိုကီမွန်အချင်းချင်း တိုက်ခိုက်စေရသော ဇာတ်လမ်းမျိုး ဖြစ်တတ်ပါသည်။

မူရင်း ဗီဒီယိုဂိမ်းများအပြင် Anime, Manga, ဖလှယ်ပြီး ကစားရသော ကတ်ပြားများ၊ ကစားစရာ အရုပ်များ၊ ရုပ်ရှင်များ၊ စာအုပ်များ စသည်ဖြင့် နေရာ အမျိုးမျိုးတွင် ပိုကီမွန်များကို အသုံးပြုကြသည်ကို တွေ့နိုင်ပါသည်။ အင်တာနက်ပေါ်တွင်မူ ပိုကီမွန်သည် ကြီးမားသော အမာခံ ပရိတ်သတ်ထုကြီး ရှိနေပြီး၊ ထို fan များမှနေ၍ fan art များ၊ fan fiction ဇာတ်လမ်းများနှင့် meme အမျိုးမျိုး ထွက်ပေါ်လျက် ရှိပါသည်။

သမိုင်းကြောင်း


Pokemon လုပ်ငန်းကြီး စတင်ပေါ်ပေါက်လာသည်မှာ ဒီဇိုင်းနာ Satoshi Tajiri မှ ရေးဆွဲဖန်တီးသော ဗီဒီယိုဂိမ်းမှ စတင်ခြင်း ဖြစ်ပါသည်။ ထိုဒီဇိုင်နာသည် သူ၏ ကလေးဘ၀က ပိုးကောင်လေးများ ဖမ်းကာစုဆောင်းရသော ၀ါသနာ ရှိခဲ့ပါသည်။ ထိုဝါသနာနှင့် အတွေ့အကြုံကို အခြေခံပြီး ပိုကီမွန်ဂိမ်းကို ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ ပိုကီမွန်ဂိမ်းသည် Poket monsters Red နှင့် Poket Monsters Blue အမည်များဖြင့် Nintendo Gameboy တွင်ကစားရသော ဂိမ်းအဖြစ် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင့် ဂျပန်နိုင်ငံ၌ စတင်ဖြန့်ချီခဲ့ပြီး လွန်စွာအောင်မြင်ခဲ့ကာ Pokemon Blue ဗားရှင်း ထွက်ရှိခဲ့ပြီး ဂျပန်ဘာသာမှ အခြားဘာသာများသို့ ဘာသာပြန်၍ ၁၉၉၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ နောက်တစ်နှစ်အကြာတွင် Pokemon Yellow ထပ်မံထွက်ရှိခဲ့ပြီး Gameboy Color စက်နှင့် ကစားနိုင်ပါသည်။

Gameboy အပြင် Pokemon သည် Nintendo, GameCube, Wii နှင့် WiiU console ဂိမ်းများလည်း ထွက်ရှိခဲ့ပါသည်။ ထို့နောက် Standard RPG နှင့် action RPG ဂိမ်းများလည်း ရှိပါသည်။ ၂၀၁၃ ခုနှစ်အထိ Nintendo စက်အမျိုးမျိုးတွင် ကစားနိုင်သည့် Pokemon ဂိမ်းများမှာ ဂိမ်းမျိုးဆက်ခြောက်ဆက် ရှိခဲ့ပြီ ဖြစ်ပါသည်။

၁၉၉၈ ခုနှစ်မှစကာ ပိုကီမွန်ကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖန်တီးထုတ်ဝေခဲ့ကြရာ၊ Trading Cards game (ကတ်ပြားများ ဖလှယ်ရသော ကစားနည်း)၊ Pokemon Pinball ဂိမ်းအမျိုးမျိုး၊ GameBoy နှင့် console RPG မြောက်များစွာ ထွက်ရှိခဲ့ပြီး ဖြစ်ပါသည်။

ပိုကီမွန်အကောင်လေးများ


Nintendo ကုမ္ပဏီသည် ပိုကီမွန်အကောင်လေးများကို ဖန်တီးရာတွင် နာမည်ပေးသောအခါ မည်သည့် ဘာသာစကားဖြင့် ဘာသာပြန်သည်ဖြစ်စေ ပိုကီမွန်တစ်ကောင်စီတိုင်း၏ သဘာဝလေးများကို ပါအောင်ထည့်ပြီး ဘာသာပြန်နိုင်ရန် အထူးဂရုစိုက်ပြီး နာမည်ပေးတတ်ပါသည်။ ပိုကီမွန်တစ်ကောင်၏ နာမည်သည် ထိုပိုကီမွန်၏ ဂုဏ်သတ္တိကို ဖော်ပြနေပါသည်။ ဥပမာ Charlizard ပိုကီမွန်တွင် "Char" (လောင်ကျွမ်းသွားသည့် သဘော) ပါဝင်သောကြောင့် Charlizard သည် မီးအမျိုးအစား ပိုကီမွန်မှန်း အလွယ်တကူ မှတ်သားနိုင်ပါသည်။

ထိုပိုကီမွန် နာမည်များသည် ကစားသူများအကြား အလွန်လူသိများသဖြင့် ၂၀၀၂ ခုနှစ် ဗြိတိန်နိုင်ငံတွင် ကောက်ယူခဲ့သော စာရင်းအရ ကလေးများသည် ပိုကီမွန်အမျိုးအစားများကို သူတို့ပတ်ဝန်းကျင်မှ တိရိစ္ဆာန်အမျိုးအစားများထက် ပိုမိုကျွမ်းကျင်စွာ အမျိုးအစား ခွဲခြားနိုင်ကြကြောင်း တွေ့ရှိခဲ့ရပါသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ထွက်ရှိပြီး ပိုကီမွန်မျိုးစိတ်ပေါင်း ၇၂၁ မျိုးရှိနေပြီး ၄င်းတို့ထဲတွင် Pikachu (ပီကာချူး) မှာ အထင်ရှားဆုံးဖြစ်ကာ ပီကာချူးသည် ပိုကီမွန်လုပ်ငန်းကြီး၏ လာဘ်ကောင် အမှတ်အသားလည်း ဖြစ်ပါသည်။

ပရိတ်သတ်၏ လက်ခံမှုအတိုင်းအတာ


ပိုကီမွန်သည် Mario ပြီးလျင် ဒုတိယရောင်းအကောင်းဆုံး ဂိမ်းလုပ်ငန်းကြီးဖြစ်ပါသည်။ ထိုင်ဝမ်နှင့် ဂျပန်တွင် Pokemon theme park ကစားကွင်းကြီးများ ရှိပါသည်။ ဂျပန်နိုင်ငံ၏ အကြီးဆုံး Nippon Airways လေကြောင်းလိုင်းတွင် ပိုကီမွန်ဒီဇိုင်းများဖြင့် ခြယ်မှုန်းထားသော လေယာဉ်ကြီး ဆယ်စီးရှိပါသည်။ နယူးယောက်မြို့တော်မှ Nintendo World ဆိုင်ကြီးတွင် အထပ်တစ်ထပ်လုံးကို ပိုကီမွန်သီးသန့် လုပ်ထားခြင်း ရှိပါသည်။ South Park, The Simpsons, Austin Powers, Robot Chicken စသည့် နာမည်ကြီးသော တီဗီဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များတွင်လည်း ပိုကီမွန်ကို ထည့်သွင်းပြောဆိုရိုက်ကူးခြင်း ရှိပါသည်။

Online Presence

Official Pokemon ကုမ္ပဏီသည် အင်တာနက်တွင် လူမှုကွန်ယက်အား သိပ်မသုံးသည်ကို တွေ့ရပါသည်။
သို့သော် ကျယ်ပြန့်လှသော fan ထုကြီးရှိခြင်းကြောင့် fansite များစွာရှိနေပါသည်။ ပိုကီမွန်သတင်း၊ ပိုကီမွန်အချက်အလက်၊ ပိုကီမွန် ဖိုရမ်၊ ဆောင်းပါး၊ တိုက်ပွဲကျွမ်းကျင်မှု တိုးမြင့်ရန် calculatorများ၊ ပိုကီမွန်ဝီကီပီးဒီးယားကဲ့သို့သော ဆိုဒ်မျိုး၊ ပိုကီမွန်လမ်းညွှန်များ၊ ပိုကီမွန် trading card game အထူးပြု ၀ဘ်ဆိုဒ်များအပြင် 4Chan တွင် Pokemon သီးသန့် board တစ်ခု ရှိပါသည်။

၂၀၁၂ ခုနှစ်အထိ Fanfiction ဇာတ်လမ်းများ ၄၅၀၀ ကျော်ရှိနေပါသည်။ ထို့အပြင် Pokemon လောကထဲမှ ဇာတ်ကောင်များ (ဥပမာ Professor Oak, Ash, Misty စသည်) တို့အား ချစ်သူအတွဲများအဖြစ် စိတ်ကူးယဉ် ဇာတ်လမ်းလေးများ လုပ်ပေးသည့် shipping ဇာတ်လမ်းများလည်း အလွန်ထင်ရှားပါသည်။ လူဇာတ်ကောင်အချင်းချင်းသာ မကဘဲ အဖွဲ့အချင်းချင်း၊ Agency အချင်းချင်း၊ အရောင် အချင်းချင်း၊ ပိုကီမွန်အချင်းချင်း တွဲပေးသော ဇာတ်လမ်းများ၊ anime များ များစွာဖန်တီးထားလျက် ရှိနေပါသည်။

Saturday, August 13, 2016

Pokemon Memes အပိုင်း (၁)

No comments :

Pokemon ဆိုတဲ့ ဗီဒီယိုဂိမ်းက ၁၉၉၆ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး စူပါမာရီယိုပြီးရင် ကမ္ဘာမှာ ဒုတိယမြောက် အအောင်မြင်ဆုံး ဗီဒီယိုဂိမ်း ဖြစ်ပါတယ်။ ဗီဒီယိုဂိမ်းအပြင် စက္ကူကတ်ကလေးတွေ ဖလှယ်ရတဲ့ ပုံစံနဲ့လည်း ကစားလို့ ရပါတယ်။ 90's Kids များအကြား အထူးအောင်မြင်တဲ့ ဂိမ်းဖြစ်တဲ့အတွက် ပိုကီမွန်နဲ့ပတ်သက်တဲ့ meme တွေ အမျိုးစုံရှိပါတယ်။ ဖိုတိုရှော့meme... snowclone meme... video meme... image macro meme စသည်ဖြင့်ပေါ့။

ဒီနေ့မှာတော့ Pokemon တွေကို သုံးထားတဲ့ advice animal အမျိုးအစား image macro meme တချို့ကို မိတ်ဆက်ပါမယ်။ အခြေခံ တန်းပလိတ်တွေမို့လို့ တော်တော်များများ သိပြီးသား ဖြစ်မှာပါ။ ဒီတန်းပလိတ်တွေကို ဘယ်လိုသုံးရလဲလို့ ဟိုးအရင်က လာမေးကြတိုင်း Pokemon game ကိုသိလားလို့ ပြန်ပြန်မေးခဲ့ရပါဖူးပါတယ်။ Pokemon ကို မကစားဖူးရင်တောင် တီးမိခေါက်မိလောက် ရှိမှ အဲဒီ meme တွေကို တကယ်လုပ်တတ်မှာကိုး။

Slowpoke

 တော်တော်များများ ရင်းနှီးပြီးသား meme ပါ။ Slowpoke ဆိုတဲ့ pokemon အကောင်လေးရဲ့ ပုံနဲ့ တန်းပလိတ်ဖြစ်ပါတယ်။ Slowpoke က တခြားအကောင်တွေနဲ့ယှဉ်ရင် နှေးကွေးထုံထိုင်းတဲ့ ပုံစံရှိလို့ ထင်ရှားပါတယ်။ ဟိုးအရင်တုန်းက Slowpoke ကို reaction image အနေနဲ့ 4Chan မှာ စတင် အသုံးပြုခဲ့ကြတာပါ။ Troll ဖို့အတွက် သုံးခဲ့ကြတာဖြစ်ပြီး၊ လူတိုင်းသိပြီးသား သတင်းအဟောင်းကြီးကို အထူးအဆန်းလို လာပြောရာမှာ slowpoke ပုံနဲ့ တွဲတင်ကြတာပါ။

အဲလို troll နေရာကနေ ၂၀၁၁ ခုနှစ်လောက်ရောက်တော့ Reddit ပေါ်ကို advice animal ပုံစံနဲ့ ရောက်ရှိလာပါတယ်။ တန်းပလိတ်က ပန်းရောင် အရောင်စက်ဝိုင်း နောက်ခံနဲ့ slowpoke ပုံနဲ့ ဖြစ်ပါတယ်။

"ကြားပြီးကြပြီလား... " ဆိုတဲ့ စကားနဲ့ စရပြီးတော့ လူတိုင်းသိပြီးသား ကိစ္စကို နောက်ကျမှ သိတဲ့ပုံစံ၊ လူတိုင်း အသည်းအသန် ဖြစ်ပြီးသား အရာတစ်ခုကို နောက်ကျမှ လူတွေ မေ့လောက်ရှိတော့မှ အသည်းအသန် ထဖြစ်တဲ့ ပုံစံဟာသတွေကို ရေးရာမှာ သုံးကြပါတယ်။

ဥပမာ ကိုယ့်သူငယ်ချင်း တစ်ယောက်က အခုပဲ ကိုယ့်ဆီကိုလာပြီး " Spongegar ဆိုတဲ့ မီးမ်ကို သိလားဟေ... အရမ်းရယ်ရတာပဲ တော်တော်နာမည်ကြီးတယ်" လို့ အူယားဖားယား လာပြောနေရင် ဒီသူငယ်ချင်းက Slowpoke ပေါ့။ Spongegar က meme လောကမှ နေရာတကာ တွေ့ရလောက်အောင် အသည်းအသန် ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ တစ်လလောက်ကလေ။ သူက အခုမှ ထဖြစ်တော့ slowpoke ပေါ့။ ဒီတော့ သူ့အကြောင်း meme လုပ်မယ်ဆိုရင် ... Slowpoke template ပေါ်မှာ "သိပြီးကြပြီလားဟေ့... Spongegar ဆိုတဲ့မီးမ် အရမ်းနာမည်ကြီးနေတယ်" လို့ ရေးလိုက်ယုံပါပဲ။ ရေးပြီးတဲ့အခါ အဲဒီ မီးမ်ကို အင်တာနက်မှာ တင်မယ်ဆိုရင် ခေါင်းစဉ်နေရာမှာ "ကျွန်တော့် သူငယ်ချင်းပေါ့ဗျာ... " လို့ရေးလိုက်ရင် လုံလောက်ပါပြီ။




Ash Pedreiro / Dat Ash


Tenso meme ကိုမှတ်မိကြလား။ ပေါ်တူဂီ meme လောကက ထွက်တဲ့ meme လေ။ Ash Pedreiro ကလည်း ပေါ်တူဂီ meme လောကကနေ ထွက်လာတာပါပဲတဲ့။

Ash Pedreiro ဆိုတာ ပေါ်တူဂီလို အုတ်စီသမား လို့အဓိပ္ပာယ်ရပါတယ်။ ပန်းရံသမားပေါ့။ အဲလို ဆောက်လုပ်ရေး အလုပ်သမားတွေက မိန်းကလေးတွေကို သဘောကျရင် ညစ်တီးညစ်ပတ် ရိသဲ့သဲ့ ပြောတတ်ကြပါတယ်။ ဒါကြောင့် ဒီmeme က ရိသဲ့သဲ့ သားပြောမယားပြော ပြောရာမှာ သုံးပြီး NSFW ဖြစ်ပါတယ်။

တစ်ခါ၊ Ash ဆိုတာက Pokemon game ထဲက trainer ဖြစ်တဲ့ Ash Catchum ရဲ့ နာမည်လည်း ဖြစ်နေပါသေးတယ်။ ဒီ တန်းပလိတ်မှာ သုံးထားတဲ့ လူပုံမှာ Ash ရဲ့ ဦးထုပ်ဆောင်းထားတာကို တွေ့ရမှာပါ။ နောက်ပြီး ဒီတန်းပလိတ်ရဲ့ နာမည်နောက်တစ်မျိုးက "Dat Ash" ဖြစ်ပါတယ်။ တင်ပါးအကိတ်ကြီးတွေကို မြင်ရတဲ့အခါ ပြုတဲ့ အာမေဋ္ဋိတ် ဗန်းစကား "Dat Ass" နဲ့ သံတူကြောင်းကွဲ ခပ်ဆင်ဆင် ဖြစ်ပါတယ်။ ဒါကြောင့် ဒီ meme က သံတူကြောင်းကွဲ ဟာသဖြစ်အောင် ပြောရပါတယ်။

Pokemon အကောင်လေးတွေရဲ့ နာမည်ကို ရိသဲ့သဲ့ပြောတဲ့ စကားထဲမှာ ထည့်ပြီး သံတူကြောင်းကွဲ ဖြစ်ပြီး အဓိပ္ပာယ်ရှိအောင် စကားလုံး ကစားရတဲ့ meme ပါ။
Pokemon အကောင်လေးတွေရဲ့ နာမည်က မြန်မာလို မရှိတဲ့အတွက် မြန်မာလို လုပ်မယ်ဆိုရင် သိပ်သိပ်ခက်ပါလိမ့်မယ်။



Pokeparents



Pokedad လို့လဲ ခေါ်ပါတယ်။ ကိုယ့်မိသားစုဝင်တွေကို Pokemon အကောင်လေးတွေ တစ်ကောင်ချင်းစီရဲ့ အကျင့်စရိုက်လေးတွေနဲ့ နှိုင်းပြီးပြောရတဲ့ meme ဖြစ်ပါတယ်။ ပိုပြီးရှင်းသွားအောင် ဆက်ဖတ်ပေးပါ။
အစက 4chan မှာ Pokedads ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ဆွေးနွေးခဲ့ကြတာပါ။ အဲဒီ thread ကို စတင်ခဲ့တဲ့ OP က သူ့မှာ မိတ်ဆွေဆိုလို့ Blastoise ဆိုတဲ့ pokemon ပဲရှိတယ်လို့ ရေးခဲ့ပါတယ်။ အဲဒါနဲ့ ကွန်မန့်ထဲမှာ လူတွေက Blastoise သာ ငါ့အဖေ ဖြစ်ခဲ့ရင်....ဆိုပြီး ကိုယ့်ကို ဘယ်လိုကူညီမှာ၊ ဘယ်လိုအားပေးမှာ.. ဘယ်လိုရင်းနှီးမှာ စသည်ဖြင့် စိတ်ကူးယဉ်ပြီး ကွန်မန့်ပေးခဲ့ ကြပါတယ်။ အဲဒီကနေ Blatoise pokemon မျက်နှာနဲ့ တန်းပလိတ် ပေါ်လာပါတယ်။

Blatoise Pokemon မျက်နှာနဲ့ တန်းပလိတ်က ချစ်ဖို့ကောင်းတဲ့ အဖေ၊ ကူညီတတ်တဲ့အဖေ အကြောင်း ပြောဖို့ဖြစ်ပါတယ်။

အဲဒီကနေ တခြားပိုကီမွန်တွေကို သုံးပြီး တခြားမိသားစုဝင်တွေအကြောင်း ပြောဖို့ meme တွေ ထွက်လာပါတယ်။

ဒီတန်းပလိတ်တွေကို သုံးတဲ့အခါ အဲဒီတန်းပလိတ်နဲ့ ပတ်သက်ရာ မိသားစုဝင်က ပြောတဲ့စကား (သို့) လုပ်တဲ့ကိစ္စကို တန်းပလိတ်ပေါ်မှာ တိုက်ရိုက်ရေးရမှာပါ။

ဥပမာ Blastoise meme မှာ စာတန်းထိုးရင် "ငါ့သား ဘာမှမပူနဲ့ . မင်းနောက်မှာအဖေ အမြဲရှိတယ်" လို့ရေးရင် လုံလောက်ပါပြီ။ ဒါက ချစ်ဖို့ကောင်းတဲ့ အဖေက ပြောခဲ့တဲ့ စကားတစ်ခွန်းမှန်း တန်းပလိတ်ကို သိသူတိုင်း သိရမှာပါ။ ကိုယ်က ရှင်းပြနေရင် မီးမ်အရသာ ပျက်သွားပါမယ်။

ဥပမာ နောက်တစ်မျိုး - ကိုယ့်ဦးလေးက ကိုယ်ဂိမ်းကစားဖို့ ပိုက်ဆံပြတ်နေတာကို သိတဲ့အပြင် ဒီအရွယ် ကစားချင်မှာပဲလို့ နားလည်တဲ့အတွက် ကိုယ်အိပ်နေတုန်း ဖုန်းဘေဖြည့်ပေးလိုက်တယ် ဆိုပါတော့။ ဒါကို မီးမ်လုပ်မယ်ဆိုရင် Mewoth တန်းပလိတ်မှာ "ကိုယ့်တူလေး မုန့်ဖိုးမလောက်တာ သိလို့ သူဖုန်းဘေပြတ်ခါနီး အချိန်ကိုက် ဘေဖြည့်ပေးလိုက်တယ်" ဒီလိုစာတန်းထိုးရပါမယ်။ မီးမ် ဖတ်တဲ့သူက ဒါ OP ရဲ့ ဦးလေးအကြောင်း ပြောနေတာလို့ နားလည်ရပါမယ်။

အောက်က တန်းပလိတ် စာရင်းကတော့ knowyourmeme ကနေ ကူးထားတာ ဖြစ်ပါတယ်။ ဘယ်တန်းပလိတ်ကို ဘာအတွက်သုံးရမယ်ဆိုတာကိုလည်း အတိုကောက် ရေးထားပါတယ်။

Charizard – ရိုက်တတ်တဲ့ ဆိုးတဲ့ စိတ်ကောင်းမရှိတဲ့ အဖေ
Blastoise – ချစ်ဖို့ကောင်းတဲ့ အဖေ
Venusaur – ၀တုတ်ပြီး အပျင်းကြီးတဲ့ အဖေ
Pikachu – ပျော်ပျော်ပါးပါး ဘာမှဂရုမစိုက် ခပ်မိုက်မိုက်အဖေ
Dragonite – သားနဲ့ အဆင်ပြေအောင် နေချင်ပေမဲ့ အငြင်းပယ်ခံအဖေ
Ninetails – ခပ်ဟော့ဟော့ အမေ
Meowth – ခပ်မိုက်မိုက် ခင်ဖို့ကောင်းတဲ့ ဦးလေး
Spearow – စိတ်ရှုပ်စရာ ညီ၊ မောင်လေး။
Voltorb – စိတ်ကောင်းမရှိတဲ့ ညီ၊ အစ်ကို။
Psyduck – ဦးနှောက်ချောင်နေတဲ့ အဖေ
Lickitung – Pedo အဖေ
Zapdos – ကိုယ့်သားကို ငတုံးလို့ မှတ်နေသော အဖေ
Gyrados – စည်းကမ်းတင်းကျပ်တဲ့အဖေ
Farfetch’d – ရှေးရိုးစွဲ မဘသ အဖေ
Gloom – အိပ်ဆေးစွဲနေတဲ့ အမေ
Meganium – နေရာတကာ စိတ်ပူတတ်လွန်းလို့ အသက်ရှူကျပ်စေတဲ့ အမေ
Alakazam – စာမေးပွဲအမှတ်နဲ့ပတ်သတ်ရင် ရူးသွပ်တဲ့ အဖေ
Golem – စစ်ပြန်ကြီး အဖေ
Mewtwo – မိသားစုအတွက် အချိန်မပေးနိုင် အလုပ်များလွန်းတဲ့ အဖေ
Snorlax – အပျင်းထူတဲ့အဖေ
Slowpoke – ထုံအအ အဖေ
Articuno – စွန့်သွားတဲ့ အဖေ
Magmar – ကပ်စေးနှဲအဖေ
Missingno – လဒူအဖေ
Gengar – လျှို့ဝှက်ထူးဆန်းသော လူစိမ်း
Haunter – လူဆိုးဂိုဏ်းဝင် အဖေ
Kangaskhan – ကလေးပေါက်စ မွေးခါစကိုပဲ ဂရုစိုက်ပြီး သားသမီးအကြီးကို ပစ်ထားတဲ့အမေ
Kadabra – အကျင့်သီလ ကြီးသူ အဖေ
Houndoom – ကိုယ့်ကိုယ်ကို အမြဲသနေတဲ့ အဖေ
Wigglytuff – အလှကြိုက်တဲ့ အဖေ
Drowzee – Dragonite နဲ့အတူတူပဲ
Paras – ဆေးကြောင်နေတဲ့ အဖေ

Professor Oak



ဒီ တန်းပလိတ်က ဘောင်အရမ်းကျဉ်းလို့ သိပ်မသုံးကြတော့ပါဘူး။ Pokemon လေးတွေ ကိုယ်မလိုချင်ရင် Professor ဆီ ပြန်လွှဲပေးလို့ ရတယ်မှလား။ အဲဒီ Professor oak ရဲ့ နားမလည်နိုင်စရာ logic တွေကို meme လုပ်တာပါပဲ။ မူရင်း ဗီဒီယိုဂိမ်းကို ကစားမှ လုပ်တတ်မယ့် meme ဖြစ်ပါတယ်။ နောက်ပြီး ဘောင်ကျဉ်းတော့ ခဏလေးနဲ့ ပြောစရာ ကုန်သွားတာကြောင့် သိပ်ပြီးမအောင်မြင်တဲ့ meme ဖြစ်ပါတယ်။





 အပိုင်း (၁) ပြီးပါပြီ။ ဒုတိယပိုင်းမှာ Pokemon နဲ့ဆိုင်တဲ့ တခြား meme အမျိုးအစားတွေကို knowyourmeme ကို ကိုးကားပြီး ဆက်မိတ်ဆက်ပါမယ်။ တကယ်လို့ အပိုင်း (၂) မှာ နေရာမဆံ့ရင် Pokemon card meme တွေအကြောင်းကို အပိုင်း (၃) မှာ ဆက်ရေးဖြစ်ပါလိမ့်မယ်။

LOL Graphs

1 comment :

Meme အမျိုးအစား - graphs meme
စတင်ပေါ်ပေါက်သည့်နေရာ - jamphat,com

2007 ခုနှစ်လောက်ကစပြီး လူသိများလာတဲ့ meme ဖြစ်ပါတယ်။ ဟစ်ဟော့သီချင်း စာသားတွေကို pie chart တွေ bar graph တွေ စတဲ့ စာရင်းဇယားတွေ သုံးပြီး jamphat website မှ ဖန်တီးတင်ပြရာမှာ သိပ်ကိုဟာသမြောက်တဲ့အတွက် internet မှာ ထင်ရှားလာကာ internet meme တစ်မျိုး ဖြစ်လာပါတယ်။
တကယ်တော့ အပြောင်အပြက် ဟာသတွေနဲ့ အရေးမကြီးတဲ့ ခေါင်းစဉ်တွေကို အတည်အခန့် chart တွေဆွဲပြီး တင်ပြတဲ့ ဟာသမျိုးက စာရင်းအင်းပညာ (statistics) ရှိနေသရွေ့ ရှိခဲ့မှာပါ။ ဒါကြောင့် အင်တာနက်ဆိုတာ မပေါ်ခင်ကတည်းက ဒီmeme တွေ ရှိနေခဲ့ပါလိမ့်မယ်။

ဒီ meme လုပ်မယ်ဆိုရင်

၁- ဟာသမြောက်ရမယ်

၂-ဇယားတွေ ဂရပ်တွေပုံစံ ဖြစ်ရပါမယ်။

ဇယားတွေ ဂရပ်တွေ ဆိုတော့ လုပ်ရတာခက်မလား ဆိုရင် သိပ်မခက်ဘူးလို့ ဖြေပါမယ်။
အထက်တန်းသချာင်္ သင်ဖူးရင် ဒါတွေနဲ့ ရင်းနှီးနေကြပြီဖြစ်မှာပါ။ Microsoft PowerPoint နဲ့ Excel ကို တီးခေါက်မိတဲ့သူတွေရယ်၊ PowerPoint ကို လက်တွေ့ သုံးပြီး presentation တွေဘာတွေ လုပ်ရတဲ့လူတွေဆိုရင် ပိုပြီးသပ်သပ်ရပ်ရပ် လုပ်တတ်ပါလိမ့်မယ်။

ဒီ meme မှာ သုံးနိုင်တဲ့ ဂရပ်အမျိုးအစား ကန့်သတ်မထားပါဘူး။ Statistics ပညာရပ်မှာ သုံးတဲ့ ဂရပ်တွေအပြင်
3D graph တွေလည်း သုံးလို့ရပါတယ်။

အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာတွေမှာ သုံးတတ်တဲ့ circuit diagram, algorithm စတာတွေတောင် ထည့်သုံးလို့ရပါသေးတယ်။

ကိုယ်သိတဲ့ ဂရပ်အမျိုးအစား အကုန်သုံးနိုင်ပါတယ်။ ဥပမာအနေနဲ့ အောက်ပါ ဂရပ်တွေ သုံးနိုင်ပါတယ်။
- pie charts
- Venn diagrams
- Euler diagrams
- line graphs
- bar graphs
- maps
- flowcharts
- tables
- pyramids
- infographics

အင်တာနက်မှာ ရှာတွေ့တဲ့ ဥပမာတွေ တွဲပေးထားပါတယ်။

Reddit မှာ ကြည့်မယ်ဆိုရင်
- r/funnycharts
- r/graphhumor
ဆိုတဲ့ subreddit တွေရှိပါတယ်။

Knowyourmeme က ညွှန်းထားတဲ့ thisisindexed.com ဆိုတဲ့ဘလော့ကိုလည်း တော်တော်ကြိုက်ပါတယ်











Name Generator meme

No comments :
ခဏခဏ လုပ်လွန်းရင် ဟုန်သွားတတ်လို့ သိပ်မတွေ့ရပေမဲ့ အားလုံးသိထားသင့်တဲ့ Name generator meme အကြောင်း မိတ်ဆက်ပါမယ်။

Name generator ဆိုတာ နာမည်ရွေးပေးတာပါ။ ပရိတ်သတ်တွေရဲ့ နာမည်အရင်း အစစာလုံး၊ အဆုံးစာလုံး၊ မွေးနေ့၊ မွေးလ၊ မွေးရက်စသည့် အချက်အလက်ပေါ် အခြေခံပြီး၊ မိမိမှာ စူပါဟီးရိုး နာမည်သာရှိခဲ့ရင် ဘာဖြစ်မလဲ၊ မိမိမှာ ရော့ခ် တီးဝိုင်းရှိခဲ့ရင် တီးဝိုင်းနာမည် ဘာဖြစ်မလဲ စသည်ဖြင့် ဉာဏ်ရွှင်သလို လုပ်ကြတာပါ။

စတင်ပေါ်ပေါက်တာကတော့ နှစ်ပေါင်းသုံးဆယ်ကျော်လောက် ကတည်းကဖြစ်ပြီး cheezeburger တို့ tumblr တို့ မပေါ်ခင်အထိ name generator website တွေအဖြစ်နဲ့ပဲ
ရှိခဲ့ တာပါ။ 


၂၀၀၀ ခုနှစ်တွေထဲကျမှ အောက်မှာတွဲတင်ထားတဲ့ ဥပမာတွေလို ဓါတ်ပုံကတ် ပုံစံမျိုးနဲ့ meme လောကထဲကို စိမ့်ဝင်လာခြင်း ဖြစ်ပါတယ်။

ဒီ meme လုပ်မယ်ဆိုရင် -

၁။ ဟာသဖြစ်ဖို့က အဓိကပါ။

၂။ စာလုံးတွေ ဘယ်လိုတွဲတွဲ ထွက်လာတဲ့ အဖြေတိုင်းဟာပြောင်မြောက်တဲ့
ဟာသ ဖြစ်နေမှ ကောင်းပါတယ်။ ဒါကြောင့် လုပ်ရတာ သိပ်ပြီး ဦးနှောက်စားတဲ့ meme ဖြစ်ပါတယ်။

၃။ ကွန်မန့်တောင်းစား၊ အတန်းရှင်းတောင်းစားသလို ဖြစ်တတ်တာမို့လို့ meme အရည်အသွေး သိပ်ကောင်းနေမှ သူတောင်းစားအဖြစ် အမြင်ခံရခြင်းမှ ကင်းလွတ်ပါလိမ့်မယ်

၎။ စာလုံးတွေ အများကြီး ပါတာကြောင့် ပုံလုပ်တဲ့အခါ သပ်သပ်ရပ်ရပ် ရှိဖို့အရေးကြီးပါတယ်
နောက်ဆုံးနဲ့အရေးအကြီးဆုံး အချက်ကတော့ meme ပြုလုပ်သူမှာ ဖန်တီးဉာဏ်ရွှင်မှုနှင့် ဝေါဟာရကြွယ်ဝမှုတွေ ရှိနေဖို့ပါပဲ။

Facebomb meme အကြောင်း

No comments :

Face bomb meme အကြောင်း မပြောခင် "Tenso" ဆိုတဲ့ meme နဲ့ အရင်မိတ်ဆက်ပါမယ်။ Reddit ရဲ့ အဆိုအရ facebombing ဟာ Tenso meme ကနေ ဆင်းသက်လာတာ မို့လို့ပါ။ Knowyourmeme မှာ ကြည့်မယ် ဆိုရင်တော့ Facebombing က face swap meme ကနေ ဆင်းသက်လာတာလို့ ပြောထားတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ကျတော့ Tenso နဲ့ Face swap တို့သည် Facebomb ရဲ့ မိဘများဖြစ်သည်လို့ သတ်မှတ်လိုက်ရင် ကောင်းမယ်ထင်ပါတယ်။

Tenso meme

Meme အမျိုးအစား - image macro / exploitable
စတင်ပေါ်ပေါက်သည့် နေရာ - ပေါ်တူဂီ မီးမ်လောက

အဖွဲ့လိုက် ဓါတ်ပုံရိုက်တဲ့အခါ အားလုံးလှတပတ ပြုံးထားပေမဲ့ တစ်ယောက်က အဆင်သင့်မဖြစ်သေးခင် ရိုက်ထည့်လိုက်လို့ တစ်ယောက်တည်း မျက်လုံးကြီး ပြူးနေတာ၊ လျှာကြီးထွက်နေတာ ... အဲလိုဖြစ်နေတဲ့ မျက်နှာကို zoom ဆွဲပြတဲ့ ပုံမျိုး ဖြစ်ပါတယ်။ ဒါက ဥပမာ ပြောတာပါ။
Tenso ဆိုတာ tense - အတင်းအကျပ်အသည်းအသန် ဖြစ်နေတဲ့ သဘောကို ပြောတာပါ။ ဓါတ်ပုံတစ်ပုံထဲမှာ အဲလို အသည်းအသန်ဖြစ်နေတဲ့ လူ/တိရိစာန်ကို မြင်သာအောင် ပြချင်တဲ့အခါ Tenso meme လုပ်ပြီး ပြကြပါတယ်။

များသောအားဖြင့် ပုံတွေကို ဒေါင်လိုက် ဆက်ရပါတယ်။ ပထမဆုံးပုံက မူရင်းပုံ ဖြစ်ရပါမယ်။ ဒုတိယပုံမှာ ကိုယ်ပြချင်တဲ့ နေရာကို zoom နည်းနည်း ချဲ့မယ်၊ တတိယပုံမှာ ထပ်ချဲ့ပြမယ်၊ နောက်ဆုံးပုံကျတော့ နေရာတစ်ခုတည်းကို ကွက်ပြီး crop လုပ်ထားမယ်။ နောက်ဆုံးပုံမှာ resolution ကျသွားပြီး ဝါးဝါးကြီး ဖြစ်သွားမယ်၊ ကိစ္စမရှိဘူး။ အဲ့နောက်ဆုံးပုံမှာပဲ "TENSO" လို့ စာထည့်ရမယ်။ ဒါဆိုရင် Tenso meme ရပါပြီ။

ဓါတ်ပုံတွေကို crop ပြီး ဆက်ရုံပဲမို့လို့ Photoshop မပါပါ။ ဒါကြောင့် image macro ထဲ ထည့်ထားပါတယ်။
ပိုရှင်းသွားအောင် ဥပမာတချို့ တွဲတင်ထားပါတယ်။



Face bombing / face bomb meme

Meme အမျိုးအစား - photoshop meme, exploitable

Facebomb ကျတော့ ခုနက Tenso meme ရဲ့ နောက်ဆုံးအကွက် "tenso ကွက်" ရဲ့အောက်မှာ နောက်တစ်ပုံ ထပ်ဆက်ပါမယ်။ ထပ်ဆက်တဲ့ ပုံကတော့ Tenso မှာပြထားတဲ့ ပြူးတူးပြဲတဲ မျက်နှာကြီးကို မူရင်းပုံမှာ ပါသမျှ လူတွေရဲ့ မျက်နှာတွေမှာ အကုန်လိုက်ကပ်ပေးလိုက်တာပါပဲ။
မူရင်းပုံ+ Tenso ကွက် + Facebomb ကွက် သုံးပုံပဲ ဆက်ပါမယ်။ ဒါပေမဲ့ Tenso ကွက်မှာ စာထည့်စရာ မလိုပါ။

Tenso ကွက်ကို မထည့်ရင်လည်း ရပါတယ်။ မူရင်းပုံ + Facebomb ကွက် ဆိုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ထင်ရှားတဲ့ ဓါတ်ပုံမျိုး မဟုတ်ရင် အရသာ နည်းနည်းပေါ့သလားလို့ပါ။
ဥပမာတွေ ပေးထားပါတယ်။ ကြည့်ကြည့်ပါ။

Face bomb မှာ -
- Nicholas cage ရဲ့မျက်နှာကို ပုံထဲကလူတွေ အကုန်လုံးရဲ့ မျက်နှာမှာ လိုက်ကပ်ပေးတာ trend ရှိပါတယ်။ Nicholas cage ရဲ့ မျက်နှာအမူအရာက အမြဲတန်း Tenso ဖြစ်နေလို့ပါ။😂
 
- အဲဒါနဲ့ ဆက်စပ်ပြီး တခြား meme လောကမှာ ထင်ရှားတဲ့ မျက်နှာတွေနဲ့ Facebomb လုပ်နိုင်ပါသေးတယ်။ ဥပမာ ရုပ်ရှင်ပိုစတာထဲက မျက်နှာတွေအကုန်လုံးကို ဝီဝီ့မျက်နှာတွေနဲ့ လိုက်ကပ်ပေးတာမျိုး။


Face Swap meme

No comments :

Meme အမျိုးအစား - Photoshop meme / exploitable
စတင်ပေါ်ပေါက်သည့် နေရာ - မသိ

Photoshop meme တွေထဲမှာ ထင်ရှားတဲ့ Face Swap meme အကြောင်း မိတ်ဆက်ပါမယ်။ ပထမဆုံး Photoshop meme ဆိုတာ ဘာလဲ။ အကျဉ်းချုပ် အနေနဲ့ ပြောရရင် Photoshop ကိုသုံးပြီး ရှိပြီးသား theme တစ်ခုရဲ့ ဘောင်ထဲကနေ meme လုပ်ရတာပါ။ အားလုံးသိပြီးသား image macro တွေမှာ တန်းပလိတ်ဆိုတာ ရှိသလို Photoshop meme တွေမှာလည်း theme ရှိပါတယ်။ Photoshop နဲ့ ဟာသပုံ ဖြစ်ရင်ပြီးရော လုပ်ချင်တာလုပ် ဆိုတာမျိုး မရဘူးပေါ့နော်။

ရှေ့မှာ ပြောခဲ့သလို ဒီနေ့အထိ meme အဖြစ် သတ်မှတ်ပြီးသား Photoshop meme ရာနဲ့ချီပြီး ရှိပါတယ်။ အဲဒီအထဲကမှ Face swap က အထင်ရှားဆုံးလို့ ဆိုနိုင်ပါတယ်။ စတင်ပေါ်ပေါက်တဲ့ အချိန်ကတော့ Photoshop ဆိုတာ စပေါ်လာကတည်းက ဖြစ်မယ်လို့ သိရပြီး၊ ဘယ်ကနေစပြီး meme ဖြစ်လာတာလဲ မသိကြပါ။

Meme ပြုလုပ်ပုံ


ပြုလုပ်ပုံက လွယ်ပါတယ်။ ဓါတ်ပုံတစ်ပုံ ရှိမယ်၊ အဲဒီပုံထဲက လူဖြစ်ဖြစ် တိရိစ္ဆာန်ဖြစ်ဖြစ် ပစ္စည်းဖြစ်ဖြစ်ရဲ့ မျက်နှာတွေကို တစ်ခုနဲ့တစ်ခု ပြောင်းတပ်လိုက်ရတာပါပဲ။ ပစ္စည်းဆိုရင် မျက်နှာလို့ ပြောလို့ရလောက်တဲ့ အသွင်အပြင် တစ်ခုခုတော့ ရှိရမှာပေါ့နော်။ ဒါဆိုရင် Face swap meme တစ်ခု ရပါပြီ။
စာတန်းထိုးရန် မလိုပါ။ စကားပြောတွေဘာတွေ ရေးစရာမလိုပါ။ Meme မှာ ပေးချင်တဲ့ မက်ဆေ့တွေဘာတွေ မလိုပါဘူး။ ဟာသသက်သက်ပါပဲ။

face swap meme
Meme ကောင်းတယ်လို့ သတ်မှတ်ခံချင်ရင် Photoshop လက်ရာ သပ်ရပ်ဖို့ အထူးအရေးကြီးပါတယ်။ Face Swap လုပ်လိုက်ပြီး ထွက်လာတဲ့ပုံက မထင်မှတ်လောက်အောင် ရယ်ရနေရင် epic ဖြစ်ပါပြီ။

Face swap meme ထဲမှာမှ

- လူကြီးနဲ့ ကလေးပေါက်စ (ဂူးဂူးဂဲဂဲ အော်တဲ့အရွယ်လေးတွေ) မျက်နှာချင်း လဲတပ်တာ trend ရှိပါတယ်။

- Nicholas Cage ရဲ့မျက်နှာကို မူရင်းပုံထဲက မျက်နှာမှာ ပြောင်းတပ်ပေးတာ trend ရှိပါတယ်။ ဒီ trend
ကျတော့ မူရင်းပုံထဲမှာ လူနှစ်ယောက်ရှိဖို့ မလိုပါဘူး။ တစ်ယောက်တည်းလဲ ရပါတယ်။

- Faceswap live ဆိုတဲ့ trend ရှိပါတယ်။ Video face swap ပါ။ ဒါကတော့ iPhone app တစ်ခုကနေ စဖြစ်တဲ့ trend ပါ။
Nicholas Cage face swap meme များ

ဘယ်ပုံတွေကို သုံးမလဲ


ဓါတ်ပုံ တင်မယ့် နေရာပေါ် မူတည်ပါတယ်။ ဥပမာ Facebook မှာဆိုရင် Facebook ရဲ့ community standard တွေကို လိုက်နာရပါမယိ။ ယျေဘူယျ ပြောရရင်တော့ သာမန်လူတွေရဲ့ ပုံတွေကို ကာယကံရှင် ခွင့်ပြုချက်မရဘဲ မလုပ်တာ အကောင်းဆုံးပါ။ ကိုယ့်ပုံကိုယ် လုပ်မယ်ဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ်ပေါ့နော်။ အန္တရာယ်ရှိတဲ့ လူတွေလက်ထဲ ကိုယ့်ပုံတွေ ရောက်မသွားအောင် ဂရုစိုက်ရုံပေါ့။

ပိုနားလည်သွားအောင် ဥပမာတချို့ ပြထားပါတယ်။



ဒီ meme နဲ့ ဆက်စပ်ပြီး Facebomb meme ဆိုတာ နောက်တစ်ပုဒ် ရေးပါမယ်။

Face swap meme လုပ်ရန် App
-------------------------------
Android:
Photoshop မရှိတဲ့လူတွေ ဖုန်းနဲ့အလွယ်တကူ face swap လုပ်နိုင်တဲ့ android app တစ်ခု အောက်မှာ Playstore link ပေးထားပါတယ်။
https://play.google.com/store/apps/details…

iOS :
iPhone အတွက် Face swap live ကို App Store ကနေယူပါ။ ဓါတ်ပုံ face swap meme တင်မကဘဲ video face swap meme ပါ လုပ်လို့ရပါတယ်။
Android မှာ မရှိပါ။ 😁

Reddit မှာ ရှာမယ်ဆိုရင်
---------------------------
r/faceswap/ ဆိုတဲ့ subreddit ဖြစ်ပါတယ်။ သွားကြည့်ကြပါ။ ကိုယ်တိုင်လုပ်ထားတာလေးတွေလည်း တင်ကြည့်ပေါ့။