အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Demotivational meme အမျိုးအစား

No comments :
အခြားနာမည်များ - Demotivators, Demotivational Posters

ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း

ကုမ္ပဏီရုံးခန်း နံရံတွေမှာ ချိတ်ထားတတ်တဲ့ စိတ်ဓါတ်ခွန်အားပေးသော ပိုစတာများကို မြင်ဖူးပါသလား။ ဥပမာ တောင်တက်သမားပုံ ဓါတ်ပုံအောက်မှာ "Determination" (သန္ဒိဌာန်) အကြောင်း စာကြောင်းအတိုလေး ရေးထားတာရှိမယ်။ လှေကားပေါ်တက်နေတဲ့ ပုံအောက်မှာ အောင်မြင်ခြင်းအကြောင်း ရေးထားတာ ရှိမယ်။ အဲလိုမျိုး ပိုစတာတွေကို "motivational posters " (စိတ်ဓါတ်ခွန်အား ဖြစ်စေတဲ့ ပိုစတာများ) လို့ခေါ်ပါတယ်။ အဲဒါမျိုး မမြင်ဖူးရင် ဒီမီးမ်ကို သိပ်မြင်တတ်မှာ မဟုတ်ပါဘူး။ ဥပမာ -

Motivational Poster ဖြစ်ပါတယ်။
မီးမ် မဟုတ်ပါ။ ခေါင်းစဉ်မှာ "ထူးချွန်မှု" ဖြစ်ပြီး၊ အောက်က စာပိုဒ်မှာတော့ " ထူးချွန်မှုဆိုသည်မှာ အများက ပါးနပ်သည်ဟု ထင်သည်ထက် ပို၍ဂရုစိုက်ခြင်း၊ အများက ဘေးကင်းသည်ဟု ထင်သည်ထက် ပို၍ စွန့်စားခြင်း၊ အများက လက်တွေ့ကျသည်ဟု ထင်သည်ထက်ပို၍ မျှော်မှန်းချက်ထားခြင်း၊ အများက ဖြစ်နိုင်သည်ဟု ထင်သည်ထက် ပို၍ တောင့်တတ်ခြင်းတို့ ဖြစ်သည်။"

Motivational Poster ဖြစ်ပါတယ်။ မီးမ်မဟုတ်ပါ။
ခေါင်းစဉ်မှာ "တည်ကြည်ခြင်း" ဖြစ်ပြီး၊ အောက်က စာတွေကတော့ "သင်မှန်ကန်သည်ဟု သိထားသော အရာကို အမြဲလုပ်ပါ၊ သင်၏အနက်ရှိုင်းဆုံးသော ယုံကြည်ချက်များကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းဖြင့် အချိန်နှင့်ဒီရေ၏ တိုက်စားမှုကို ကြံ့ကြံ့ခံနိုင်ပေလိမ့်မည်။"

အဲဒီလို ပိုစတာတွေကို ၁၉၈၅ ခုနှစ်မှာထောင်ခဲ့တဲ့ "Successories" ဆိုတဲ့ ကုမ္ပဏီမှ စတင်ဒီဇိုင်းထုတ် ရောင်းချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ Motivational Poster တွေကို ကုမ္ပဏီ ရုံးခန်းတိုင်းလိုလိုမှာ ချိတ်ဆွဲထားတတ်ပါတယ်။ ဟောလီးဝုဒ် ရုပ်ရှင်၊ တီဗွီဇာတ်လမ်းတွဲတွေ ကြည့်တဲ့အခါ သတိထားမိမှာပါ။

၁၉၈၈ ခုနှစ်မှာတော့ "Despair Inc." website မှ အထက်ပါ ပိုစတာတွေကို သရော်ပြီး စိတ်ခွန်အားပေးမယ့် အရာတွေအစား၊ စိတ်ပျက်စေမယ့် အရာတွေကို မူရင်း ပိုစတာတွေထဲက လေသံအတိုင်း ရေးသားထုတ်ဝေ ခဲ့ပါတယ်။ (စာအရေးအသား လေယူလေသိမ်းက တူပေမဲ့ ပြောတဲ့အကြောင်းအရာက စိတ်ဓါတ်ကို ကျစေပါတယ်) ဓါတ်ပုံတွေကလည်း မူရင်းပိုစတာတွေမှာ သုံးတဲ့ လေးနက်တဲ့ပုံတွေကို သုံးပါတယ်။ ဒီဇိုင်းကလည်း မူရင်းဒီဇိုင်းနဲ့ အတူတူပါပဲ။ ဥပမာ -

Demotivational Poster meme ဖြစ်ပါတယ်။ ခေါင်းစဉ်မှာ "အောင်မြင်မှု" ဖြစ်ပြီး အောက်က စာသားကတော့ "သင်စိတ်ကူးသော အရာရာတိုင်း ဖြစ်မြောက်နိုင်ရန် သင့်တွင် စိတ်ကူးအမြင်၊ ခိုင်မာသော သန္ဒိဌာန် နှင့် ဘယ်လိုပစ်စလတ်ခတ်သုံးသုံး မကုန်နိုင်သော အလုပ်သမားများသာ လိုအပ်သည်" ဒီနေရာမှာ ဓါတ်ပုံထဲက ပိရမစ်ကြီးတွေဟာ ကျွန်လုပ်သား ထောင်ပေါင်းများစွာနဲ့ တည်ဆောက်ထားတယ်ဆိုတာကို သတိထားမိရင် သူပြောချင်တဲ့ ဟာသရဲ့ အလွှာတစ်လွှာကို မြင်မှာပါ။

Demotivational poster meme ဖြစ်ပါတယ်။ ခေါင်းစဉ်က "အလုပ်သွားပါ" တဲ့။ အောက်က စာသားကတော့ "သင့်စိတ်ကူးအိပ်မက်တွေရဲ့ တန်ခိုးကနေ ပိုက်ဆံတစ်ပြားမှ မရပါဘူး" တဲ့

ပျံနှံ့ခြင်း

Despair Inc. ကစခဲ့တဲ့ Demotivational Posterများဟာ 4Chan ရဲ့လက်ထဲကို ရောက်သွားတဲ့အခါမှာ လူသိများ ထင်ရှားလာပြီး meme အဖြစ်ကို ရောက်လာပါတယ်။ Reddit မှာဆိုရင် r/Demotivational ဆိုတဲ့ subreddit မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
မူရင်း ဖန်တီးသူ Despair Inc ရဲ့ website ကတော့ www.despair.com ပါ။

အဆင့်ဆင့် ပြောင်းလဲခြင်း

မူရင်း Demotivationals ဟာ Despair Inc. ရဲ့ စတိုင်အတိုင်း၊ Motivational poster တွေကို သရော်တဲ့ ပုံစံဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာ၊ ပညာရေး၊ စိတ်ဓါတ်၊ စာရိတ္တ စတဲ့ လေးနက်တဲ့ ခေါင်းစဉ်တွေထဲမှာပဲ လုပ်ကြပါတယ်။

- ဒီမူလပုံစံမှာ မီမ်းရဲ့ လေသံက သရော်သံ ခနဲ့သံ ပညာရှိစကားနဲ့ ဖဲ့သံ လှော်သံ ဖြစ်ရပါမယ်။
-မူရင်း Motivational poster များနဲ့ ရင်းနှီးထားမှ သူ့ကိုသရော်တဲ့ Demotivational ကို ကောင်းကောင်းလုပ်တတ်မှာ ဖြစ်ပါတယ်။ လေ့လာစေချင်ပါတယိ။

Demotivationals တွေဟာ 4Chan ကိုရောက်ပြီး နောက်ပိုင်း ပျံ့သွားတဲ့ အခါမှာတော့ ပုံစံနည်းနည်း ပြောင်းသွားပါတယ်။ မူရင်း တန်းပလိတ်က အတူတူပါပဲ။ စာလုံးအကြီးအသေးကအစ တူပါတယ်။ ဒါပေမဲ့ Motivational poster တွေကို သရော်တာက ဒီလောက်မဟုတ်တော့ဘဲ တခြား ကြမ်းတမ်းပေမဲ့ ရယ်ရတဲ့ ဟာသတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ ခနဲ့တဲ့ ဖဲ့တဲ့လေသံကတော့ မပျောက်သေးပါ။

ဒီလိုမျိုး မီးမ်လုပ်မယ်ဆိုရင်တော့
- ဓါတ်ပုံကို ကိုယ့်ဟာသနဲ့ သဟဇာတ ဖြစ်တဲ့ပုံ၊ ဟာသကို အထောက်အပံ့ဖြစ်မယ့်ပုံမျိုး ရွေးသုံးရပါမယ်။

ပြောင်းလဲလာတဲ့ Demotivational poster meme ဖြစ်ပါတယ်။ ဘာမှ အတွေးအခေါ်သရော်ချက် မပါလှပါဘူး။ ရယ်စရာသက်သက် ဖြစ်ပါတယ်။ ခေါင်းစဉ်က "ဘုရားသခင်ကို စော်ကားခြင်း" ဖြစ်ပြီး အောက်ကစာကတော့ "ဒီလောက်ရယ်ရတဲ့ ငရဲသွားလက်မှတ် မရှိသေးဘူး" တဲ့။

ပြောင်းလဲလာတဲ့ Demotivational poster meme ဖြစ်ပါတယ်။ ခေါင်းစဉ်က "ကိုယ်ပိုင်ဟန်/တီထွင်မှု" ဖြစ်ပြီး အောက်က စာသားကတော့ "အရင်က ဘယ်သူမှမလုပ်ဖူးဘူးဆိုရင် အဲဒါမလုပ်ရတဲ့ အကြောင်းရင်း တစ်ခုခုရှိလို့ဖြစ်မယ်" တဲ့။
သူများနဲ့မတူ ခြားနားပြီး အသစ်တီထွင်ချင်တိုင်း မကောင်းဘူးလို့ ဆိုလိုချင်တာပါ။ ဒီမီးမ်ကတော့ တွေးစရာပေးသလို သူများနဲ့မတူပြီးရော စွတ်ရွတ်ပြီး စတန့်ထွင်တတ်တဲ့ လူတွေကိုလည်း သရော်ထားပါတယ်။

When You See It


Demotivationals မီးမ်ဟာ ထပ်မံပြောင်းလဲတဲ့ အခါမှာ တန်းပလိတ်ကလွဲလို့ မူရင်းစတိုင်နဲ့ သိသိသာသာ ကွဲပြားတဲ့ အမျိုးအစားကွဲ တစ်ခု ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ "When you see it" meme ဖြစ်ပါတယ်။ အဲဒီ meme မှာ အသုံးပြုတဲ့ ဓါတ်ပုံက အရေးပါပြီး စာသားကတော့ ပြောင်းလဲမှုမရှိပါ။ "when you see it, you'll shit bricks" ဒါမှမဟုတ် "when you see it" ပဲ ဖြစ်ပါတယ်။

ဒီမီးမ်က ဘယ်လိုလဲဆိုတော့ တစ်ခုခု ထူးခြားတာ ပါတဲ့ ဓါတ်ပုံတစ်ပုံကို ပြထားမှာ ဖြစ်ပါတယ်။ Post ပိုင်ရှင်ပြလိုတဲ့ အရာကို ဓါတ်ပုံထဲမှာ အလွယ်တကူ တစ်ချက်ကြည့်ရုံနဲ့ မမြင်ရတတ်ပါဘူး။ Game တစ်ခုလိုပဲ သေချာကြည့်ရှာရတတ်ပါတယ်။ အဖြေကိုလည်း ပေးလေ့မရှိပါဘူး။

တခါတလေ Troll တွေက ဘာမှထူးခြားတာ မပါတဲ့ပုံကို when you see it ဆိုပြီး တင်တတ်ပါတယ်။ အဲဒါကတော့ မီးမ်ကို လက်နက်သဖွယ် သုံးပြီး လူတွေအချိန်ကုန်အောင် တမင်နောက်တာဖြစ်ပါတယ်။

Advice animal meme တွေမှာ ဓါတ်ပုံက အသေဖြစ်ပြီး စာသားက ကိုယ့်ဘာသာရေးရပါတယ်။ When you see it မှာတော့ စာသားက အသေဖြစ်ပြီး ဓါတ်ပုံက ကိုယ့်ဘာသာ ထည့်ရပါတယ်။

ဥပမာ


တန်းပလိတ်ကတော့ ..

No comments :

Post a Comment