အင်တာနက်မီးမ် ဗဟုသုတအမျိုးမျိုး

Featured Post

Meme Guide For Beginners

Advice Animal meme အခြေခံ တန်းပလိတ်တွေရဲ့ အခြေခံအဆင့် အသုံးပြုပုံတွေကို ဒီ album မှာထည့်ပေးသွားပါမယ်။ မီးမ်ဆိုတာ ကျယ်ပြန့်တဲ့သဘော ရှိတဲ့...

Saturday, June 18, 2016

Rage Comics မိတ်ဆက် - အပိုင်း (၁)

No comments :

Rage Comic တို့၏ သမိုင်း

Rage = ဒေါသူပုန်ထခြင်း/ အသည်းအသန်ဖြစ်ခြင်း
Comic = ဟာသကာတွန်း


အင်တာနက်မီးမ်လောကမှာ ကျင်လည်သူတိုင်း Rage Comic တွေနဲ့ ရင်းနှီးကြပါတယ်။ Image Macro လောက်နဲ့ ပြည့်စုံအောင် ရေးရခက်တဲ့ အကြောင်းအရာတွေအတွက် Rage comic တွေက အသုံးဝင်လှသလို၊ Rage comic ကိုမှ တစိုက်မတ်မတ် နှစ်သက်ကြသူတွေလည်း မီးမ်လောကမှာ တစ်ပုံကြီးပဲပေါ့။ ဒီ post မှာ Rage Comic ရဲ့ မြစ်ဖျားခံရာ သမိုင်းကြောင်းအစကို ပြန်လှန်မှာဖြစ်လို့ ဗဟုသုတအနေနဲ့ပဲ သတ်မှတ်ပြီး ဖတ်ကြဖို့ပါ။ Rage Comic လုပ်နည်းတွေဘာတွေ နောက် post တွေကျမှ တစ်ဆင့်ချင်း ဆက်ပြောမှာ ဖြစ်ပါတယ်။ 

၂၀၀၇ ခုနှစ်အလယ်လောက်မှာ 4Chan ဆိုတဲ့ image board website မှာ တင်ခဲ့ကြတဲ့ comic တချို့မှာ Rage comic ဖြစ်လာမယ့် မျက်နှာပုံတွေရဲ့ အရိပ်ယောင်လေးတွေကို စတင်မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်လေးတွေက အကွက် သုံးလေးကွက်လောက်နဲ့ ဇာတ်ကောင် နည်းနည်းလေးပဲ ပါပြီးတော့၊ ဇာတ်လမ်းကလည်း ရိုးရှင်းတာကို တွေ့ရပါတယ်။ အဲဒီ ကောမစ်တွေက အပျော်တမ်း လက်ရာတွေပဲ ဖြစ်ပြီး၊ လက်ရာလှပဖို့ထက် ဇာတ်ကောင်ရဲ့ စိတ်ခံစားချက်ကို မျက်နှာမှာ ထင်ရှားပေါ်လွင်အောင် အလေးထား ဖန်တီးခဲ့ကြပါတယ်။ စိတ်ခံစားချက်ကို အလွန်အကျူးဖော်ပြထားပြီးတော့ မလှမပ မသပ်မရပ် ဆွဲထားတဲ့ မျက်နှာတွေကြာင့် ကောမစ်ကို ဟာသပိုဆန်စေတဲ့အပြင်၊ ဇာတ်ကောင်တွေရဲ့ စိတ်ထဲမှာ ဖြစ်နေတာတွေကိုလည်း အလွယ်တကူ နားလည်နိုင်စရာလည်း ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ အပျော်တမ်းအဆင့် မလှမပ လက်ရာတွေနဲ့ ဆွဲထားပြီး စိတ်ခံစားချက်အမျိုးမျိုး (အထူးသဖြင့် ပြင်းထန်တဲ့ ခံစားချက်တွေ) ကိုဖော်ပြထားတဲ့ မျက်နှာပုံတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီမျက်နှာပုံတွေဟာ ဘာသာစကား အတားအဆီးတွေကို ကျော်လွန်နိုင်စွမ်းလည်း ရှိကြပါတယ်။
Reddit က F7U12 sub forum ရဲ့ moderator တစ်ယောက်ဖြစ်တဲ့ Ryan က
"အဲဒီမျက်နှာတွေက တခြားဘာမှ အကွန့်အညွန့်မပါဘဲ လူ့စိတ်ခံစားချက်ကိုပဲ အလွန်အကျူး ဖော်ပြထားတဲ့ မျက်နှာတွေမို့လို့ လူသားတိုင်းနားလည်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းတွေဘာတွေ ပြောတဲ့နေရာမှာ ကိရိယာတန်ဆာပလာ တစ်ခုလို သုံးနိုင်တာပေါ့" လို့ပြောပါတယ်။

RageMaker website ကို တည်ထောင်သူ Dan Awesome ကလည်း ဒီလိုပြောပါတယ်။ " အထင်ရှားဆုံး ဥပမာက Okay Guy ပါပဲ။ အဲဒီမျက်နှာကို ကြည့်လိုက်တာနဲ့ သူ့စိတ်ထဲ ဘာတွေဖြစ်နေလဲဆိုတာ သိပ်ပေါ်လွင်ပါတယ်။ သူ့ခံစားချက်ကို အတိအကျ ပေါ်လွင်အောင် စာနဲ့ရေးပြရမယ်ဆိုရင် ဖန်တီးမှုစွမ်းအားကောင်းတဲ့ အရေးအသားမျိုးနဲ့မှ ဖြစ်မှာပါ"

4Chan မှာ ဟိုးအစကတော့ ကောမစ်တွေကို ကိုယ့်ဘာသာ လက်နဲ့အစအဆုံး ဆွဲကြတာပါ။ ဒါပေမဲ့ သိပ်မကြာခင်မှာ တချို့ နားလည်ရလွယ်တဲ့ မျက်နှာတွေကို ယူပြီး ကောမစ်ထဲ ထည့်ဆွဲလို့ ပြန်ပြန်သုံးလာကြပါတယ်။ မျက်နှာပုံတစ်ခုကို အထပ်ထပ် ပြန်သုံးလေ အဲဒီမျက်နှာက ဘာကိုပြောချင်တာလဲ ဆိုတာကို လူတွေပိုမှတ်မိလေမို့ ပိုပိုပြီး ပြန်သုံးဖြစ်လာကြပါတယ်။ ဒီလိုနဲ့ ဒါကတော့ စိတ်ဆိုးတဲ့မျက်နှာ၊ ဒါကတော့ ခွီနေတဲ့မျက်နှာ၊ ဒါကတော့ အူကြောင်ကြောင် ဖြစ်နေတဲ့ပုံ စသည်ဖြင့် သတ်သတ်မှတ်မှတ်ရှိတဲ့ မျက်နှာတွေ ပေါ်ပေါက်လာကြပါတယ်။ အဲဒီထဲကမှ လူသုံးအများဆုံး အသုံးအဝင်ဆုံး မျက်နှာတွေက ပိုမိုထင်ရှား ပေါ်လွင်လာကြပြီးတော့ သိပ်မလိုအပ်တဲ့ ပုံတွေကတော့ ရွေ့လျောပျောက်ကွယ် သွားကြပါတယ်။

ဒါကတော့ Rage comic ရယ်လို့ ဖြစ်မလာခင်အချိန်က သမိုင်းအစပါ။ အပိုင်း (၂) မှာ Rage face တွေ တိုးတက်ပြောင်းလဲကြပုံနဲ့ usage ရယ်လို့ သတ်သတ်မှတ်မှတ် ဖြစ်လာတာကို ဆက်ပြောသွားပါမယ်။
ဒီ post ကို အင်တာနက်က ဆောင်းပါးတစ်ခု ကနေ အများကြီးယူရေးထားတာ ဖြစ်ပါတယ်။ မူရင်းကိုဖတ်ရမှ စေးစေးပိုင်ပိုင် ရှိတယ်ဆိုသူတွေအတွက် ဒီမှာ link ပါ။

http://arstechnica.com/…/the-internet-anthropologists-fiel…/

No comments :

Post a Comment