Monday, July 4, 2016
ဘဲမီးတောက် - FireDuck Meme
Fire Duck ဆိုတာ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်း DevianArt မှာ MatoroIgnika ဆိုတဲ့ DevianArtist တစ်ယောက် တင်ခဲ့တဲ့ ဘဲငန်းတစ်ကောင်ပုံပါ။ မီးပုံရှေ့မှာ ဖြတ်လျှောက်လာတဲ့ ဘဲငန်းကို ဓါတ်ပုံရိုက်လိုက်ရာမှာ အချိန်ကိုက်ဖြစ်သွားပြီး ဘဲငန်းခေါင်းမှာ မီးတောက်နေသလို ပုံထွက်လာခဲ့ပါတယ်။ ဓါတ်ပုံပိုင်ရှင် MatoroIgnika က ဒီလိုရေးထားခဲ့ပါတယ်။
" ဒီပုံက အနုပညာဆန်လားတော့ မသိပါဘူး၊ ဒါပေမဲ့ ပုံထွက်လာတော့ တော်တော်မိုက်တယ်ထင်လို့ပါ။ အဲ့ကောင်က ကျွန်တော့်ဆီ တည့်တည့်ကြီးလာတိုးတော့မလို့ ကျွန်တော်က နောက်ဆုတ်ရှောင်ရင်း ကင်မရာခလုတ်ကို နှိပ်လိုက်တာနဲ့ ဒီပုံထွက်လာတာပဲ။
နောက်ပြီးတော့ အဲဒီအချိန်တုန်းက မီးလောင်နေတယ်လေ။ ဘာပဲဖြစ်ဖြစ် FIREDUCK* ဆိုတော့ မီးသတ်ပစ္စည်းတစ်မျိုးပေါ့လေ။
အမှန်တော့ အဲ့ကောင်က ဘဲငန်းဖြစ်မယ်။ ဒါပေမဲ့ Fireduck ဆိုတာက ပိုနားထောင်ကောင်းမယ် ထင်လို့..."
(*Fireduck - Firetruck - မီးသတ်ကား နှင့် အသံဆင်တူ)
(ဒါဆိုရင် Fire Goose လို့ ခေါ်မှ မှန်မယ်ထင်တဲ့သူတွေ စိတ်အေးလောက်မယ် ထင်ပါတယ်။ FireDuck ဆိုတာ မူရင်းပုံပိုင်ရှင် ပေးခဲ့တဲ့ နာမည်ဖြစ်တဲ့အတွက် ဒီpage မှာ FireDuck လို့ပဲ ဆက်ခေါ်သွားပါမယ်)
Meme ဖြစ်လာပုံ သမိုင်းကြောင်း
ဒီပုံကို ၂၀၁၅ ခုနှစ်အလယ်ပိုင်းမှာ Reddit မှာ တခြားလူတစ်ယောက်က တင်ခဲ့တယ်။ သိပ်မထင်ရှားခဲ့ဘူး။ ၂၀၁၅ ခုနှစ် အကုန်ပိုင်းလောက်မှာ Tumblr မှာ နောက်တစ်ယောက်က ထပ်တင်ပြန်တယ်။ တော်တော်လေး လူကြိုက်များခဲ့တယ်။ အဲဒီကနေ ရက်ပိုင်းအတွင်း ဒီပုံဟာ Facebook ကို ရောက်လာခဲ့တယ်။ Share ပေါင်း နှစ်သောင်းခုနစ်ထောင်ကျော်ခဲ့တယ်။
လအနည်းငယ်အကြာ ၂၀၁၆ ခုနှစ်အစပိုင်းမှာ Twitter မှာ reaction meme ပုံစံနဲ့ ဒီပုံတက်လာပါတယ်။
ဒီ meme က များသောအားဖြင့် Facebook မှာ နာမည်ကြီးတဲ့ meme ဖြစ်ပါတယ်။ အကြောင်းရင်းတစ်ခုကတော့ ဒီပုံက Facebook ရဲ့ ပေါ်လစီနဲ့ ငြိတယ်ဆိုပြီး warning ချိတ်ခံရတယ်ဆိုတဲ့ သတင်းတွေကြောင့်ပါ။ ဘဲရဲ့ခေါင်းက တကယ်မီးလောင်နေတာကို ဓါတ်ပုံရိုက်တင်ထားတယ်လို့ Facebook က အထင်မှားသွားတဲ့အတွက် အမြင်မတော်သော ဓါတ်ပုံအဖြစ် "Graphic Violence Warning" အပေးခံရပါတယ်တဲ့။
Facebook ရဲ့ ပေါ်လစီအရ 'ရက်စက်ကြမ်းကြုတ်ခြင်းကို ကြည့်ပြီး စိတ်သာယာမှု ရယူရန်၊ ရက်စက်ကြမ်းကြုတ်ခြင်းကို အားပေးဂုဏ်ပြုရန်၊ ချီးကျူးရန် ရည်ရွယ်ချက်' နဲ့ ပြထားတဲ့ ပုံတွေကို တင်ခွင့် မရှိပါ။ တခြားရည်ရွယ်ချက်နဲ့ ရက်စက်ကြမ်းကြုတ် တဲ့ပုံတွေကို တင်တယ်ဆိုရင်လည်း "ကွက်ကွက်ကွင်းကွင်း ပြထားသော ပုံဖြစ်သည်။ ကြည့်ရှုသူများအား စိတ်မသက်မသာ ဖြစ်စေနိုင်သည်။ ကြည့်မှာ သေချာပါသလား။ " ဆိုတဲ့ warning နဲ့ ဖုံးထားတတ်ပါတယ်။
Facebook က ဘယ်ပုံက ရက်စက်တယ် ဘယ်ပုံက မရက်စက်ဘူး သတ်မှတ်ရာမှာ တချိန်လုံး တသမတ်တည်း မရှိတတ်ပါဘူး။ ဒီ FireDuck ကို ဆင်ဆာဖြတ်တဲ့ ကိစ္စမှာ အဲဒါကို လှောင်စရာ အကွက်ဖြစ်သွားတာပါ။ အဲဒါနဲ့ ဒီ FireDuck ပုံကို အမျိုးမျိုး သုံးပြီး Mark Zukerberg ကို လှောင်တဲ့ meme တွေ ထွက်လာပါတယ်။
အသုံးပြုပုံ
Usage ရယ်လို့ သတ်သတ်မှတ်မှတ် မရှိပါ။ Photoshop နဲ့ အမျိုးမျိုး လုပ်ကြပါတယ်။ တခြား meme လောက အသုံးအနှုန်းတွေ၊ meme လောကရဲ့ တင်ပြပုံတွေ၊ တခြား meme တွေနဲ့ တွဲသုံးကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီ page အနေနဲ့ ဒီ meme ကို exploitable အမျိုးအစားထဲ ထည့်လိုက်ပါတယ်။ ဒီmeme ကိုသုံးပြီး Facebook နဲ့ ZukerBerg ကို လှောင်တဲ့ဟာသတွေကတော့ နည်းနည်း ရိုးသွားပြီ ဖြစ်ပါတယ်။ ဒိတ်အောက်သွားပြီဆိုပါတော့။
Subscribe to:
Post Comments
(
Atom
)



No comments :
Post a Comment